ဝါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသာဘန်း ကွယ်လွန်


2015.08.04

နိုင်ငံရေးအကျဉ်းသားဟောင်း ဝါရင့်သတင်းစာဆရာကြီး ကြေးမုံဦးသာဘန်းဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းက နေအိမ်မှာ ဒီနေ့ သြဂုတ်လ ၄ ရက်၊ နေ့လည် ၁ နာရီ ၃၉ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးသာဘန်းဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာလို့ ဦးသာဘန်းရဲ့သမီးဖြစ်သူ မစောကြည်သာက ပြောပါတယ်။

ဦးသာဘန်းဟာ ၁၉၆၂ ခုနှစ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ-တကသအမှုဆောင်တစ်ယောက်ဖြစ်သလို၊ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဥက္ကဌတာဝန်နဲ့ နာယကတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၉၀ရွေးကောက်ပွဲ နောက်ပိုင်းမှာ စစ်အစိုးရက ထောင် ၅ နှစ်ချခဲ့လို့၁၉၉၅ ခုနှစ်ထိ အင်းစိန်ထောင်မှာနေခဲ့ရသလို ၁၉၉၈ ခုနှစ်မှာတခါ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ် အတွက် မှတ်တမ်းအထောက်အထားတွေပေးခဲ့လို့ ထောင် ၁၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဦးသာဘန်း ဟာ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့အတွက် စစ်အစိုးရကသူ့ကို အဖမ်းခံရချိန်မှာ ရှေ့နေလိုင်စင် သိမ်းလိုက်ပြီး ကွယ်လွန်ချိန်အထိ လိုင်စင်ပြန်မရခဲ့ဘူးလို့ သိရပါတယ်။

ဦးသာဘန်းရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့ ထိန်ပင်သုဿာန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။