မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ် အီတလီမှာ ကျင်းပ

အီတလီနိုင်ငံ Sarzana မြို့မှာ မနေ့က ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်မှာ ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်သောပါက က မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။

2012.12.09

ဥရောပအခြေစိုက် ကရုဏာအဖွဲ့က ဦးစီးပြီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ခံရတာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေရှိနေတာတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တယ်လို့ အရှင်သောပါက က မိန့်ပါတယ်။

"ဒီသံဃာတွေဘာကြောင့် ဆန္ဒပြနေတာလဲဆိုတာကို သူတို့ကသိပ်နားမလည်ဘူး၊ ကြေးနီစီမံကိန်းကြောင့် သံဃာတွေကဆန္ဒပြတာပေါ့၊ လူထုတွေကပြနေတာကြာနေပြီ ဒါပေမယ့် ဘယ်လိုမှမရပ်တဲ့အခါကျတော့ သံဃာတွေက လူထုဘက်ကရပ်တည်ပြီး ဆန္ဒပြရင်းနဲ့ အခုလို မီးလောင်ဗုံးအပစ်ခံရတာကို ရှင်းပြတာပေါ့၊ ကချင်နဲ့ရခိုင်ကိစ္စကို ပြည်တွင်းစစ်တွေဖြစ်နေသေးတဲ့အတွက် လူအခွင့်အရေးက အကောင်းချည်းပဲလို့ ပြောလို့မရဘူးပေါ့၊ လူထုတွေမှာ ဆင်းရဲဒုက္ခတွေလည်း အများကြီးရှိနေသေးတယ်ပေါ့၊ အမျိုးသမီးငယ်တွေက လမ်းခင်းတာ တစ်နေ့မှ ၂ဝဝဝ လောက် ရပြီးတော့ အင်မတန်မှဆင်းဆင်းရဲရဲနဲ့ လုပ်ကိုင်စားနေရတယ်၊ လမ်းခင်းလုပ်ငန်းတွေက ခရိုနီတွေကပိုင်ဆိုင်တယ် ဒါပေမယ့် လုပ်အားခကို နည်းနည်းလေးပဲပေးပြီးတော့ ခိုင်းကြတယ်ဆိုတဲ့အကြောင်း"

ဆွေးနွေးပွဲကို အီတလီ ပါလီမန်အမတ်တစ်ဦးလည်း တက်ရောက်လာပြီး မြန်မာနိုင်ငံ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့လည်း မိန့်ပါတယ်။

"ပါလီမန်အမတ် တစ်ယောက်လည်း လာတယ်ဗျ၊ အဓိကကတော့ သူနဲ့တွေ့ဖို့ပေါ့၊ ပါလီမန်အမတ်တွေ နိုင်ငံရေးသမားတွေက မြန်မာပြည်နဲ့ပတ်သက်တဲ့ဟာတွေကို အသေးစိတ်သိချင်တယ်၊ နောက်ပြီး လက်ရှိအခြေအနေတွေကို သုံးသပ်ပြစေချင်တယ်ဆိုလို့၊ မကြာခင်မှာ အီတလီပါလီမန်အဖွဲ့တစ်ဖွဲ့က မြန်မာပြည်ကိုသွားဖို့ရှိတယ်၊ အဲဒီတော့ သူတို့အဖွဲ့နဲ့ ဘာတွေဆွေးနွေးသင့်သလဲမေးတော့ ဦးဇင်းက တောသူတောင်သားတွေ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ပညာရေးတွေလိုအပ်တဲ့ကိစ္စရယ်၊ နောက် လျှပ်စစ်မီးမရှိလို့ ပညာရေးတွေ မထွန်းကားတာ အထူးသဖြင့် ကွန်ပြူတာသင်တဲ့အခါ ကွန်ပြူတာသင်ဖို့ မီးမရှိတဲ့ကိစ္စတွေပါ"


လက်ရှိမြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ပိုကောင်းတယ်၊ အကောင်းဆုံး စတဲ့ အဆင့် သုံးမျိုးခွဲပြောရရင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လူထုနဲ့ လွတ်လွပ်လပ်လပ်တွေ့ဆုံ ဆွေးနွေးခွင့်ရလာတာ၊ စာနယ်ဇင်း လွတ်လပ်ခွင့် တစုံတရာရလာတာ စတာတွေကြောင့် ကောင်းလာတယ်လို့ ပြောနိုင်တဲ့အဆင့်ရှိတယ်လို့ ရှင်းပြခဲ့တဲ့အကြောင်းလည်း ဦးသောပါက က မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။