နယ်စပ်တလျှောက် ပြတ်ရွေ့တွေကို မြေငလျင်ကော်မတီ လေ့လာ


2017.11.07
india-border-622.jpeg မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်
Photo: defenceaviationpost.com

မြန်မာနိုင်ငံမှာ ငလျင်ကြောင့်ဖြစ်မယ့် ဆိုးကျိုးတွေ လျှော့ချနိုင်ဖို့အတွက် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဖြစ် တဲ့ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က ပြတ်ရွေ့တွေကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီက မနေ့ကစပြီး အကြိုကွင်းဆင်းလေ့လာနေတယ်လို့  သိရပါတယ်။

စစ်ကိုင်းပြတ်ရွေ့တွေကို လေ့လာတာတွေရှိပေမယ့် အိန္ဒိယမြေထုချပ် တွန်းတိုက်နေတဲ့ ပြတ်ရွေ့နဲ့ ပတ်သက် ပြီး လေ့လာထားတာတွေ မရှိသေးတာကြောင့် အခုလို လေ့လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

"မြန်မာနိုင်ငံကတော့ ကျနော်တို့ ငလျင်လှုပ်နိုင်တဲ့ ရင်းမြစ်တွေကတော့ မြန်မာနိုင်ငံရဲ့ အနောက် ဘက်ခြမ်းက အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် တိုက်နေတဲ့ဖြစ်စဉ်နဲ့ စစ်ကိုင်းပြတ်ရွေ့က အဓိကကျတဲ့ ဖြစ်စဉ်ကိုး၊ အဲဒီ ၂ ခုကို ကျနော်တို့ လေ့လာမှသာလျင် မြန်မာနိုင်ငံမှာ တကယ်လို့ ငလျင်လှုပ်ခတ်မယ် ဆိုလို့ရှိရင် ငလျင်ကြောင့်ဖြစ်မယ့် ဆိုးကြိုးတွေ လျော့ချဖို့ရာအတွက် ဒီ ၂ ခုကို အဓိကထားလေ့လာရမယ် ဆိုတဲ့အခါကျတော့ စစ်ကိုင်းပြတ်ရွေ့ကို တော်တော်များများလေ့လာနေတာ အရှိန်လည်းရနေပြီ။ သို့သော်လည်း ဂဃနဏ မသိသေးတဲ့အပိုင်းက ဘာဖြစ်နေလဲဆိုတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း မှာရှိတဲ့ အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ်တု့ိ တွန်းတိုက်နေတဲ့ဖြစ်စဉ် ကျတော့ ကျနော်တို့ ကောင်းကောင်းမသိသေးဘူးပေါ့။ အဲ့ဒါကြောင့် အဲဒီဖြစ်စဉ်နဲ့ နှီးနွယ်နေ တဲ့ ပြတ်ရွေ့တွေကို လေ့လာဖို့ အတွက် စီစဉ်ကြတာပေါ့။"

အိန္ဒိယမြေထုချပ်နဲ့ မြန်မာမြေထုချပ် တွန်းတိုက်နေတဲ့ နေရာတလျှောက်က ပြတ်ရွေ့တွေနဲ့ စစ်ကိုင်းပြတ်ရွေ့ ၂ ခုဟာ မြန်မာနိုင်ငံရဲ့ အဓိက ငလျင်ပြတ်ရွှေ့ကြီးတွေဖြစ်ပါတယ်။

အခုချိန်မှာ အကြိုကွင်းဆင်းလေ့လာနေဆဲဖြစ်တာကြောင့် ဘယ်တိုင်းနဲ့ ပြည်နယ်တွေ ပါဝင်မလဲဆိုတာကို အတိအကျ မသိသေးဘူးလို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေကတော့ မြန်မာနိုင်ငံအနောက်ပိုင်းဒေသထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလေ့လာချက်တွေကို အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က ထောက်ပံ့တာဖြစ်ပြီး အဲဒီတက္ကသိုလ်က ပညာရှင်တွေ၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီဝင်တွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ဘူမိရုပ်သွင်တွေကို လေ့လာဖို့၊ GPS တပ်ဆင်ဖို့၊ ငလျင်တိုင်းစက်တွေကို တပ်ဆင်ဖို့ စတဲ့အချက်တွေ လည်း လေ့လာချက် ထဲမှာ ပါဝင်မယ်လို့ သိရပါတယ်။

လေ့လာချက်တွေကို ၂ နှစ်ကြာ အချိန်ယူမှာဖြစ်ပြီး ရရှိလာတဲ့ အချက်တွေကိုတော့ ငလျင်အန္တရာယ်ပြမြေပုံရေးဆွဲ တဲ့အခါမှာ အချက်လက်တွေအနေနဲ့ ထည့်သွင်းနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။