လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်း သံသယရှိသူ ၃၆ ဦးကို MNDAA ဖမ်းဆီး
2024.02.05

MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ ၃၆ ဦးကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ MNDAA ပြန်ကြားရေးဌာနက အခုလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လောက်ကိုင်မြို့အတွင်းမှာ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ တရားမဝင် လက်နက်ကိုင် ဆောင်မှု ပပျောက်ရေးအတွက် စစ်ဆင်ရေးဆောင်ရွက်ချိန်မှာ လောက်ကိုင်မြို့၊ တုံချိန်ရပ်ကွက်နဲ့ စွမ်ဟော့ချိန် ရပ်ကွက်အတွင်း အခုလို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
အဲဒီ ၃၆ ဦးနဲ့အတူ လက်ကိုင်ဖုန်း၊ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပြီး MNDAA အထူးရဲဌာနကို အပ်နှံထားတယ်လို့ ကိုးကန့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ဘယ်နိုင်ငံသားတွေ ဆိုတာကိုတော့ MNDAA တပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မရှိသလို MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။
ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေကို သတင်းပေးဖို့အတွက် ကိုးကန့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မြို့တွင်းမှာ လိုက်လံဆော်သြနေပါတယ်။
တရားဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မှတ်ပုံတင်ဖို့နဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရဖို့အတွက် ဆောင်ရွက်ပေးနေတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ဘက်က ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက ကိုးကန့်ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်မယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်က ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ ကိုးကန့်ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်းအပါအဝင် ဆယ်ယောက်ကျော်နဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဖမ်း၀ရမ်း ထုတ်ခဲ့ပါတယ်။
စစ်ကောင်စီကဘက်ကလည်း တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ဒေသဦးစီးဥက္ကဋ္ဌဟောင်း အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူပုဂ္ဂိုလ်အချို့ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၄ ဇန်နဝါရီလအထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားငါးသောင်းကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ပြန်လည် လွှဲပြောင်းပေးခဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား (၄၈,၁၂၀) ဦးနဲ့ တခြားနိုင်ငံသား (၁၈၁၀) ဦးပါဝင် တယ်လို့ ဆိုပါတယ်။