ပန်ဆိုင်းနဲ့ မုံးကိုးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

2021.08.20
ပန်ဆိုင်းနဲ့ မုံးကိုးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ် ကိုးကန့်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်
Photo: MNDAA ပြန်ကြားရေး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲမှာ သြဂုတ်လ ၂၀ ရက် ဒီနေ့ နေ့လယ် တစ်နာရီက မြို့လယ်မှာရှိတဲ့ ရဲစခန်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က လာရောက်တိုက်ခိုက်ရာမှာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဆိုင်း ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းထဲကို လက်နက်ကြီးကျလို့ ဘုရားကျောင်းရေစင် ပျက်စီးသွားတယ် လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် မြို့ခံအချို့ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြရပြီး မြို့ပတ်ပတ်လည်မှာလည်း လက်နက်ကြီးသံတွေကို ဆက်တိုက်ကြားနေရတယ်လို့ သူကပြောပါတယ်။

အဲဒီဒေသတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်တွေ လှုပ်ရှားရာဒေသဖြစ်ပြီး အခုလဆန်းပိုင်ကစလို့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ဖြစ်နေတာပါ။

တိုက်ပွဲကြောင့် ကောင်းစထီးကျေးရွာ အပါအဝင် အနီးနားကျေးရွာခြောက်ခုက ဒေသခံ ၁၄၀၀ ကျော် နေရပ်စွန့်ခွာနေရဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ်ခွဲအတွင်းမှာလည်း စစ်ကောင်စီနဲ့ ကိုးကန့် တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ပြည်သူ့စစ်တပ်ဖွဲ့တွေကိုပါ အသုံးပြုလာတယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၁၈ ရက်နေ့မှာ မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ မန်ဖားကျေးရွာအနီးက ကိုးကန့်တပ်ဖွဲ့ တပ်မဟာ - ၅၁၁ စခန်းကို စစ်ကောင်စီတပ်ရင်း ၇၉၊ တပ်ရင်း ၅၇၅၊ တပ်ရင်း ၃၁၅ တပ်ရင်း သုံးခုနဲ့ ထိုးစစ်ဆင်ခဲ့ပြီးတိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့ကစပြီး မန်ဖားရွာ၊ ဟန်ပါးရွာတွေ အနီးတစ်ဝိုက်မှာ ရှိတဲ့ ကိုးကန့်တပ်ဖွဲ့စခန်းတွေကို ထိုးစစ်ဆင်နေတာဖြစ်ပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်အတွင်းက ပြည်သူ့စစ်တပ်ဖွဲ့ ၄၀ လောက်ကို စစ်ကြောင်းတွေရဲ့ အရှေ့ကနေ အသုံးပြုနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။