MNDAA ခေါင်းဆောင်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ယူနန်မှာ တွေ့ဆုံ
2024.10.25

ကိုးကန့်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်တာရွှင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ဒီရက်ပိုင်းမှာပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
ဦးဖုန်တာရွှင်ရဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးဖို့ တရုတ်နိုင်ငံကို သွားရောက်ချိန် တွေ့ဆုံကြတာလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဖုန်တာရွှင် ကျန်းမာရေး စစ်ဆေးဖို့ သွားရင်းတွေ့ကြတာပါ။ အဓိကတော့ လားရှိုးအကြောင်း ဖြစ်ဖို့များပါတယ်။ လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ဖယ်ပေးဖို့ ဖိအားပေးတဲ့ သဘောပဲ ဖြစ်ဖို့များပါတယ်"
ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ဘက်က သတင်းထုတ်ပြန်တာမရှိသလို MNDAA သတင်းပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
လားရှိုးမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဗဟိုနေရာဖြစ်တာကြောင့် ကိုးကန့်တပ်ဖွဲ့အနေနဲ့ ပြန်လက်လွှတ်ဖို့ မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
"လားရှိုးက လေယာဉ်ကွင်းရှိတယ်။ အဓိကကျတဲ့နေရာ ဖြစ်နေတယ်။ စစ်တပ်က မြေပြင်ကနေ လားရှိုးကို လာဖို့က တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်တွေကနေ လာရမယ်။ အဝေးကြီးပဲ ဒါကြောင့် လေကြောင်းနဲ့ ဖိအားပေးပြီး ဖယ်ခိုင်းနေတာ။ လားရှိုးပြီးရင် ကွတ်ခိုင်၊ သီပေါ၊ သိန္နီ မူဆယ်အထိ နောင်ချိုအထိ ဖယ်ခိုင်းမှာပဲ။ ဖြစ်နိုင်မလား စဉ်းစားကြည့်ပေါ့"
သြဂုတ်လ ၂၇ ရက်နေ့တုန်းကလည်း မစ္စတာ တိန့်ရှီးကျွင်းဟာ "ဝ" တပ်ဖွဲ့ခေါင်းတွေဖြစ်တဲ့ UWSP ပါတီ ဒုတိယ-ဥက္ကဋ္ဌ ဦးကျောက်ကော်အမ်း ဦးဆောင်တဲ့အဖွဲ့ကို ယူနန်ပြည်နယ် ခေါ်ယူတွေ့ဆုံပြီး MNDAA ထိန်းချုပ်နယ်မြေတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်၊ ရေ၊ လူဝင်လူ ထွက်ခွင့်တွေ ပိတ်ထားဖို့ ဖိအားပေးခဲ့တယ်လို့ အဲဒီတွေ့ဆုံမှု အခြေအနေကို သိထားသူတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ကို သိမ်းပိုက်တာကို တရုတ်နိုင်ငံက လက်မခံကြောင်း၊ ဒါဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေကြောင်း တရုတ်ကိုယ်စားလှယ်က "၀" တပ်ဖွဲ့ခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မစ္စတာ တိန့်ရှီးကျွင်း ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်မဖော်ဆောင်ဖို့နဲ့ ဆွေးနွေးအဖြေရှာဖို့ ပြောဆိုခဲ့တယ်လို့ KIO/KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးနေသလို တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့မြို့တွေကို နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။