ပြည်ပအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ MNDAA ထုတ်ပြန်
2024.10.10

ကိုးကန့်တပ်မတော်(MNDAA)က သူ့ရဲ့အစိုးရဌာနအားလုံးနဲ့ တပ်အရာရှိတွေအားလုံး ခွင့်ပြုချက်မရှိဘဲ ပြင်ပအနောက်နိုင်ငံတွေကို အဆက်အသွယ်မလုပ်ဖို့ အောက်တိုဘာ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ချက် တားမြစ်လိုက်ပါတယ်။
မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပတပ်ဖွဲ့တွေ ဝင်ရောက်စွက်ဖက်ဖို့ စီစဥ်နေကြောင်း သတင်းရရှိထားပြီး ပြင်းထန်ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံတွေ့ရနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရှုပ်ထွေးနေတဲ့ ပြည်တွင်းအခြေအနေအရ MNDAA ရဲ့ ပါတီနဲ့ တပ်မတော်ကို ပြင်ပအင်အားစုတွေက အတင်းအကျပ်အသုံးမပြုစေဖို့နဲ့ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကနေ ကာကွယ်ဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့နိုင်ငံရေး အရှုပ်အရှင်းတွေထဲ ဝင်မပါစေဖို့ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်ပြီး ကန့်သတ်လိုက်တာလို့ ကိုးကန့်တပ်ဖွဲ့နဲ့ ရင်းနှီးသူတစ်ဦးက RFA ကိုပြောပါတယ်။
“တော်လှန်ရေးရပ်တည်ချက်တွေက အမျိုးမျိုးရှိကြတယ်။ ဒါကို MNDAA ခေါင်းကြီးပိုင်းက သူတို့ရဲ့ အဖွဲ့ကိုယ်စားပြု သဘောထားတွေကိုပဲ ပြည်သူတွေကိုပြောချင်တာ။ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ရပ်တည်ချက်မတူဘူးဆိုတာ ပြောချင်တာလို့ပဲ ထင်ပါတယ်”
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကို ခရီးသွားတာ၊ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာညီလာခံတွေ မတက်ရောက်ဖို့၊ ဒီတစ်နှစ်အတွင်း အနောက်တိုင်း မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ မလုပ်ဖို့လည်း MNDAA က ထုတ်ပြန်ပါတယ်။
တားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။