MNDAA ခံတပ် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတယ်လို့ ကိုးကန့်အဖွဲ့ထုတ်ပြန်

RFA Burmese
2023.12.22
MNDAA ခံတပ် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတယ်လို့ ကိုးကန့်အဖွဲ့ထုတ်ပြန် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ကွမ်းလုံဒေသက နေအိမ်တချို့အား ကိုးကန့်တပ်မတော်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည့်ပုံ။
The Kokang

စစ်ကောင်စီဟာ ကိုးကန့်ဒေသက မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) ရဲ့ လောက်ရှမ့်ထန်ခံတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေ ရပ်နေတဲ့အခြေအနေကို စတင်ချိုးဖောက်လာတယ်လို့ MNDAA ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The Kokang က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ညနေပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ကိုးကန့်လောက်ရှမ့်ထန်နေရာကို ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။ ဒီရက်ပိုင်းထဲ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ လေးရက်အတွင်း ကိုးကန့်ဒေသကို လေကြောင်းကနေ ၄၉ ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ The Kokang ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးတဲ့ နေအိမ်တွေနဲ့ သေဆုံးလူဦးရေစာရင်းကို မတွက်ချက်နိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ တရုတ်အစိုးရအကူအညီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ အခုလ ဒုတိယအပတ်ထဲမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောထားပါတယ်။ အခုလကုန်ပိုင်းမှာ ထပ်ဆွေးနွေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက တိတိကျကျ သတင်းထုတ်ပြန်တာမရှိပေမယ့် အပစ်ရပ်ဖို့ ဆွေးနွေးချက်တွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေကတဆင့် ပြောဆိုချက်တွေကို ကိုးကားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုတွေရှိနေပေမယ့် ကိုးကန့်ဒေသ၊ တအာင်းဒေသ၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေက ဆက်ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနေ့က ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို ကိုးကန့်တပ်မတော် MNDAA ပြောခွင့်ရ လီကျားဝင်းနဲ့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခတို့ကို ဆက်သွယ်နေပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။