ကိုးကန့်ဒေသတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ လက်နက်ချအလင်းဝင်ဖို့ ကိုးကန့်သတိပေး
2023.10.28
ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုးကန့်ဒေသအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကိုးကန့် ရုပ်သေးအဖွဲ့ဝင်တွေရဲ့ စစ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေကို MNDAA ကိုးကန့်တပ်ဖွဲ့ဆီမှာ လက်နက်ချ အလင်းဝင်ဖို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) က အောက်တိုဘာလ ၂၈ ရက်နေ့က သတိပေးလိုက်ပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ထုတ်တဲ့ အဲဒီသတိပေးစာထဲမှာ လက်နက်ချ အလင်းဝင်လာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး ခေါင်းမာဆန့်ကျင်နေရင် ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်း မူဝါဒ အပြည့်အဝ ခံစားခွင့်ပေးပြီး ဒဏ်ရာရသူတွေကို ကောင်းမွန်စွာ ကုသပေးမယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းတာဝန်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ စာရင်းဇယား၊ ဘောက်ချာနဲ့ ငွေကြေးတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားရမယ်လို့ သတိပေးထားပါတယ်။
အဲဒီအသိပေးစာကို စတင်ထုတ်ပြန်တဲ့နေ့ကနေ စစ်အုပ်ချုပ်ရေးကာလ ပြီးဆုံးတဲ့အချိန်အထိ အကျုံးဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ဟာ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကိုကြေညာပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တပ်စခန်း စုစုပေါင်း ၃ဝ ကျော်၊ သံချပ်ကာတင့်ကား နှစ်စီးကို MNDAA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။