ဇူလိုင်လကုန်အထိ အပစ်ရပ်ထားမယ်လို့ MNDAA ပြော

RFA Burmese
2024.07.20
ဇူလိုင်လကုန်အထိ အပစ်ရပ်ထားမယ်လို့ MNDAA ပြော ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်ဖွဲ့ဝင်များအား ပန်ဆန်းမြို့တွင် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
The Kokang Photo

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လကုန်အထိ အပစ်ရပ်ထားမယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲတွေရပ်တန့်ရေး တောင်းဆိုချက်ကို တုံ့ပြန်ဖို့အတွက် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ဆင်ရေးတွေ ရပ်တန့်ထားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အပစ်ရပ်ထားတဲ့ကာလမှာ တပ်တွေ ရောက်နေတဲ့နေရာမှာ ရပ်ထားပြီး ခံစစ်ဆင်ဖို့၊ ထိုးစစ်တွေ ရပ်တန့်ဖို့၊ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေလုပ်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးကိစ္စတွေကို လုပ်ဆောင်မယ်လို့ MNDAA က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က တိုက်ခိုက်လာရင် ပြန်လည်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်ကို RFA က ဆက်သွယ်မေးမြန်းထားပေးမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

MNDAA ဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်ကို တုံ့ပြန်ဖို့ဆိုပြီး ဇူလိုင်လ ၁၄ ရက်ကနေ ၁၈ ရက်အထိ လေးရက်ကြာ အပစ်ရပ်ခဲ့တာပါ။ အပစ်ရပ်ထားတဲ့ အဲဒီလေးရက်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ ဟိုင်ဂင်သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။