ရာဇဝတ်မှုကျူးလွန်သူတွေ ပါမလာစေရေး စိစစ်ဖို့ MNHRC တိုက်တွန်း


2017.10.04
bangladesh-rohingya-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်
Photo: UNHCR

နေရပ်စွန့်ခွာတိမ်းရှောင်သွားကြသူတွေကို ပြန်လည်လက်ခံရာမှာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ ARSA အကြမ်းဖက် သောင်းကျန်းသူတွေ ပါရှိမလာစေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ပြန်လည်နေရာချထားရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ရေရှည်ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို အလေးအနက်ထား ဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၂၉ရက်နေ့အထိ ကွင်းဆင်းလေ့လာပြီးနောက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်း ဒေသခံတွေ တိုင်းရင်းသားတွေအပြင် ဌာနဆိုင်ရာတာဝန်ရှိသူတွေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သူတွေကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ ARSA အကြမ်းဖက်သမားတွေဟာ လူငယ်တွေကို စည်းရုံးတာ၊ ခြိမ်းခြောက် သိမ်းသွင်းတာ၊ အကြမ်းဖက်တိုက်ခိုက်နည်းတွေ သင်ကြားလေ့ကျင့်ပေးတာ၊ စည်းရုံးမှုကို လက်မခံသူတွေကို ခြိမ်းခြောက်သတ်ဖြတ်တာ၊ တိုင်းရင်းသား လူနည်းစုတွေနေထိုင်တဲ့ ကျေးရွာတွေကို သွားရောက်ခြိမ်းခြောက်တာ၊ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကို အုပ်စုလိုက်သတ်ဖြတ်တာ၊ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့စခန်းတွေ၊ နတလစခန်းတွေနဲ့ တိုင်းရင်းသား ကျေးရွာတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ ပြုလုပ် ခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးသူတွေရှိသလို နေရပ်စွန့်ခွာ ထွက်မပြေးဘဲ ငြိမ်းချမ်းစွာကျန်ရှိနေသူတွေရဲ့ စားဝတ်နေရေးအခက်အခဲနဲ့ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေ ကို ဖြေရှင်းနိုင်ဖို့အတွက် အမြန်ဆုံးစာရင်းကောက်ယူပြုစုပြီး ဒေသအုပ်ချုပ်ရေးအစီအစဉ်နဲ့ ယာယီထောက်ခံ ချက်တွေ ထုတ်ပေးပြီး ဒေသတွင်းလွတ်လပ်စွာ သွားလာရှာဖွေစားသောက်ခွင့်ပြုပေးဖို့လည်း တိုက်တွန်းထား ပါတယ်။

မောင်တောဒေသမှာ နေထိုင်သူအားလုံးအတွက် လတ်တလော လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေကို လိုအပ်သလို ထောက်ပံ့ကူညီပေးသင့်ကြောင်း အကြံပြုထားပါတယ်။

နောက်ထပ်အကြံပြုချက်ကတော့ ဘူးသီးတောင်၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ အချုပ်အခြာအာဏာ မထိပါးရေး၊ အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ လူ့အခွင့်အရေး ထိခိုက်နစ်နာမှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်တဲ့ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးတို့ကို အမြန်ပြန်လည် ထူထောင်ရေးနဲ့ အဲဒီဒေသမှာ ခရီးသွားလုပ်ငန်းတွေ ငါးဖမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်က စီမံချက်ချမှတ်ပြီး ဆောင်ရွက်သင့်ကြောင်း၊ ဒေသလုံခြုံရေးအတွက် ရဲစခန်းတွေ၊ ရဲကင်းတွေ၊ လုံခြုံရေးစခန်းတွေကို လိုအပ်သလို တိုးချဲ့တည်ဆောက်ပေးသင့်ကြောင်း အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။