သတင်းသမား ၃ ဦးနဲ့ လူ့အခွင့်အရေးကော်မရှင် တွေ့မည်


2017.08.06
3-reporters-622.jpg မတရားအသင်းဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းသမားတွေကို သြဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ  ၁၇ (၁)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးခံထားရတဲ့ သတင်းသမား(၃) ဦး ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သီပေါအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံမယ် လို့ ပြောပါတယ်။

မနက်ဖြန် သြဂုတ်လ ၇ ရက်နေ့ စတင်သွားရောက်ဖို့ရှိတဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှမ်းပြည် မြောက်ပိုင်း ခရီးစဉ်အတွင်း တွေ့ဆုံသွား မှာ ဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကပြောပါတယ်။

"မနက်ဖြန်စထွက်ပါမယ်။ လားရှိုး၊ နမ္မတူနဲ့ သီပေါ ကိုသွားပါ့မယ်ခင်ဗျ။  ကျနော်တို့က လားရှိုးအ ကျဉ်းထောင်နဲ့ လားရှိုးမြို့ပေါ်က အချုပ်ခန်းတွေ  ကျနော်တို့ကြည့်ပါမယ်။ နောက်နမ္မတူမှာရှိတဲ့ တိုက်ပွဲရှောင်ဒုက္ခသည်စခန်းတွေ  ကြည့်ပါမယ်။ နောက်သီပေါကတော့ သီပေါမြို့မှာရှိတဲ့ ထောင်နဲ့  အချုပ်ခန်းတွေပါပဲ။ သတင်းသမား ၃ ဦးအပြင် အရပ်သား ၃ ဦး အဲ့ပုဂ္ဂိုလ်တွေ  ကျနော်တို့တွေ့မှာပါ ခင်ဗျ။ အဓိက ကတော့ ကျနော်တို့က နံပါတ် ၁ ကတော့  သွားပြီးတော့ ကြည့်မယ်။ တွေ့မယ်။ ဆွေးနွေး ကြည့်မယ်"

လူ့အခွင့်ရေးကော်မရှင်ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်ဟာ အခုလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၅ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့က တအာင်းလွတ်မြောက်ရေးတပ်မတော်က ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို သတင်းသွားရောက်ယူခဲ့တဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းသမား ၃ ဦးနဲ့ နယ်ခံ ယာဉ်မောင်း ၃ ဦးကို ဇွန်လ ၂၈ ရက် နေ့မှာ တပ်မတော်က မတရားအသင်းဆက်သွယ် မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ အမှုဖွင့်ခဲ့ပြီး သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်က ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံပြီး သူတို့ရဲ့ ပြောကြားချက်တွေကို ပြည်ထဲရေး ဝန်ကြီးဌာန ၊ နိုင်ငံတော်သမ္မတရုံး အစရှိတဲ့ အစိုးရအဖွဲ့အဆင့်ဆင့်ကို သင့်လျော်သလို တင်ပြသွားမှာ ဖြစ်တယ် လို့ ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေချိန်မှာ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားဖို့လိုအပ်ကြောင်းနဲ့ သတင်း သမားတွေကို ထိန်းသိမ်းထားစဉ်မှာ ညှဉ်းပန်းနှိပ်စက်မှုမရှိဘဲ ကျန်းမာရေး စောက်ရှောက်မှုပေးဖို့နဲ့ မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့  အစရှိတဲ့ အခြေခံအခွင့် အရေးတွေပေးဖို့ လူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။