အစီရင်ခံစာတွေ အစိုးရဖော်ဆောင် မှု မထိရောက်ကြောင်း လူ့အခွင့် အရေးကော်မရှင် ပြော


2015.12.04
zawwin-mnhrc-620.jpg မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ကို ဒီဇင်ဘာလ ၄ ရက်နေ့ကတွေ့ရစဉ်
Photo: Wai Yan Moe Myint/RFA

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောခဲ့တာဖြစ်ပါတယ်။

“အတိုင်းအတာတစ်ရပ် အထိအောင်တော့ သက်ဆိုင်ရာဌာနများကနေပြီးတော့ ဆောင်ရွက်တယ်ဆိုတဲ့ဥစ္စာကို ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်၊ ကျနော်တစ်ဦးချင်းအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ရာခိုင်နှုန်းပြည့် အားရကျေနပ်မှုတော့ မရှိသေးပါဘူး၊ ထိထိရောက်ရောက်ရှိမလာသေးတော့ အလားတူ ကျူးလွန်မှုလေးတွေ ကလည်း ဖြစ်ပေါ်နေသေးတယ်ပေါ့”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးမှု၊ အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော်တပ်ရင်းမှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးမှု၊ ရခိုင်ပြည်နယ်က ရေယာဉ်တိမ်းမှောက်မှု စတာတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်က အစီရင်ခံစာထုတ်ပြန်အကြံပြုခဲ့ပေမယ့် အစိုးရဘက်က ထိထိရောက်ရောက် အကောင်အထည်ဖော်မှုမရှိခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်ထံ တိုင်ကြားတဲ့အမှုတွေထဲမှာ လယ်ယာမြေအငြင်းပွားမှု၊ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မကျေလည်မှုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကျေနပ်မှုမရှိတာကြောင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားတဲ့စာတွေ အများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ အစိုးရရဲ့ထောက်ပံ့ငွေနဲ့ ဆောင်ရွက်ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။