စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက မြို့နယ်အချို့ အင်တာနက် လိုင်းပြတ်

2021.09.14
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းက မြို့နယ်အချို့ အင်တာနက် လိုင်းပြတ် မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေနဲ့ မကွေးတိုင်းထဲက တောင်တွင်းကြီး မြို့နယ် အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ ၁၄ ရက် ဒီကနေ့ နေ့လယ်ကစပြီး ဆက်သွယ်ရေးအော်ပရေတာ အားလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီ လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီက ချင်းတွင်းမြစ် အနောက်ဘက်တစ်ကြော အထူးစစ်ဆင်ရေးလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီးနောက်မှာပဲ အခုလိုအင်တာနက်တွေ ပြတ်သွားတာလို့ ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"နေ့လယ် တစ်နာရီလောက်စပြီး ပြတ်သွားတယ်၊ ဖုန်းလိုင်းတွေလည်း ရတစ်ချက် မရတစ်ချက် ဖြစ်နေတယ်၊ Mytel ကတော့ မသုံးတော့ မသိဘူး၊ စစ်ကောင်စီက စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို ကုလသမဂ္ဂမှာလည်း အစည်းဝေးရှိတော့ အဲ့ဒါကြောင့်များ ဖြတ်လိုက်တာလားလို့လည်း တွေးနေတယ်" လို့ ယင်းမာပင်ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဟာ ချင်းတွင်းမြစ်ထဲမှာ လက်နက်အင်အားအပြည့်အစုံနဲ့ လှည့်ကင်းပတ်နေပြီး မြစ်ကမ်းဘေးက ကျေးရွာအချို့ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။

အလားတူ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာလည်း ဒီကနေ့ နေ့လယ်ကစပြီး MPT၊ Telenor၊ Ooredoo နဲ့ Mytel လေးခုစလုံးရဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီလို့ တောင်တွင်းကြီးမြို့ခံတွေက ပြောပါတယ်။

နေ့လယ် ၁၂ လောက်မှာ MPT ၊ Mytel နဲ့ Ooredoo အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာဖြစ်ပြီး ၂ နာရီလောက်မှာတော့ Telenor ပါ ပြတ်သွားတယ်လို့ တောင်တွင်းကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

"Supernet Wifi စက်တွေက မနက်ကတည်းက မရတော့တာ၊ တယ်လီနောကတော့ နေ့လယ် ၂ နာရီ လောက်မှ ပြတ်သွားတာ" လို့ တောင်တွင်းကြီးမြို့ခံ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

ကြိုတင်ကြေညာခြင်းမရှိဘဲ အင်တာနက်တွေ ဖြတ်တောက်လိုက်တာကြောင့် ပြည်သူတွေရဲ့ ငွေကြေး လည်ပတ်မှုတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

"စစ်ကောင်စီဟာ ပြည်သူ့အကျိုးကို ကြည့်တာမဟုတ်ဘူး၊ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတင်တွက်ဆ ထားပြီးသား ဖြစ်တယ်၊ ဗိဿနိုးတပ်မတော်ကတော့ ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်အောင် ကြိုတင်စီစဉ်ထားပြီးဖြစ်လို့ ပြဿနာမရှိဘူး" လို့ ဗိဿနိုး ကာကွယ်ရေးတပ်မတော်ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ မြင်းခြံမြို့မှာလည်း ဖုန်းဆင်းမ်ကတ် အင်တာနက်လိုင်းတွေအားလုံး ပြတ်တောက်သွားပြီး Wifi လိုင်းအချို့သာ ရတော့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မကွေးတိုင်းထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးကတော့ စစ်ကိုင်းတိုင်းထဲက ကနီ၊ အရာတော်၊ ပုလဲ၊ ဘုတလင်၊ ယင်းမာပင်၊ မန္တလေးတိုင်းထဲက

မြင်းခြံ၊  မိုးကုတ်၊ မကွေးတိုင်းထဲက တောင်တွင်းကြီး စတဲ့မြို့နယ်တွေကို စက်တင်ဘာလ ၁၄ ရက် ဒီနေ့ကစပြီး အင်တာနက်မြန်နှုန်း 3G ၊ 4G နဲ့ WTTH (broadband) တွေကို ပိတ်ထားဖို့ ဆက်သွယ်ရေးအော်ပရေတာတွေ အားလုံးကို စစ်ကောင်စီက ညွှန်ကြားခဲ့တာလို့  RFA ကို ပြောပါတယ်။

အင်တာနက်လိုင်းတွေ ဖြတ်တောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဌာနဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာတာ မရှိသလို MPT၊ Telenor၊ Ooredoo နဲ့ Mytel အစရှိတဲ့ ပုဂ္ဂလိက ဆက်သွယ်ရေးကုမ္ပဏီတွေဘက်ကလည်း ထုတ်ပြန်ကြေညာတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။