မိုးဗြဲမှာ ရေကြီးလို့ စစ်ဘေးဒုက္ခသည် ၅၀၀ နီးပါး နေရာပြောင်းရွှေ့ရ

RFA Burmese
2023.10.12
မိုးဗြဲမှာ ရေကြီးလို့ စစ်ဘေးဒုက္ခသည် ၅၀၀ နီးပါး နေရာပြောင်းရွှေ့ရ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Mobye Rescue Team

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ မိုးသည်းထန်စွာရွာပြီး ဘီလူးချောင်းရေကြီး တာကြောင့် ချောင်းဘေးလယ်ကွက်တွေမှာ တဲထိုးနေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ လောက် နေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုးဗြဲမြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက မိုးရွာနေတာကြောင့် အောက်တိုဘာလ ၁၀ ရက်ကစလို့ ဘီးလူးချောင်းရေ တက်လာတယ်လို့ ဒေသခံက ပြောပါတယ်။

“ရေတက်တာ နှစ်ရက်လောက်ရှိပြီ။ ချောင်းဘေးမှာက လယ်ကွက်တွေရှိတယ်။ မိုးဗြဲက စစ်ရှောင်တွေက အဲလယ်ကွက်တွေမှာ တဲထိုးပြီးနေကြတာ ရွာကြီးတစ်ခုလိုပဲ။ အခုရေတက်လာတော့ အကုန်ပြေးရပြီ။ လူက ၅၀၀ လောက်ရှိမယ်။ ဒီနေ့လည်း ထပ်ပြေးနေကြတုန်းပဲ”

ဒီစစ်ဘေးဒုက္ခသည်တွေဟာ မိုးဗြဲမြို့ စည်ကားရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်၊ ပွဲကုန်းရပ်ကွက်တွေကနေ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ ဒုက္ခသည်တွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် မူလနေရပ်ကို မပြနိုင်တဲ့အတွက် လွိုင်ကော်မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထပ်မံရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဖိုးစိုး၊ ခေါင်တလို၊ လေဒူခေါင် ရွာတွေမှာတော့ ကလေးငယ်တွေအကြား အရေပြားကူးစက်ရောဂါတွေ ဖြစ်နေတယ်လို့ ကွင်းဆင်းလေ့လာခဲ့တဲ့ ကယန်းအမျိုးသမီး အစည်းအရုံးတာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“တစ်ယောက်ကနေ တစ်ယောက်ကို ကူးနေတာပေါ့။ အရေးပြားယားလို့ ကုပ်လိုက်တဲ့အခါမှာ အနာတွေဖြစ်တယ်။ သေးသေးလေးကနေစပြီး တချို့ဆို အနာအကြီးကြီးအထိ ဖြစ်ပြီးတော့ ဆေးခန်းအထိ သွားခွဲရတာမျိုးလည်းရှိတယ်။ ကလေးငယ်တွေမှာ အဖြစ်အများဆုံးပဲ”

အဲဒီ ရွာသုံးရွာမှာ လူဦးရေ ၇၀၀ ကျော်ရှိပြီး ၁၅၀ ဦးမှာ ဒီကူးစက်ရောဂါ ဖြစ်ပွားနေတာပါ။ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးဝါးအကူအညီတွေပေးဖို့ ခက်ခဲနေတယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဘေးဒုက္ခသည်တွေ၊ ဒေသခံတွေ ကူးစက်ရောဂါ ခံစားနေရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခ တွေကြောင့် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ အရပ်သား ၆၇၃၀၀ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။