မိုခါမုန်တိုင်းကြောင့် ၁၈ ဦးသေဆုံးကြောင်း NUG ထုတ်ပြန်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.15
မိုခါမုန်တိုင်းကြောင့် ၁၈ ဦးသေဆုံးကြောင်း NUG ထုတ်ပြန် မိုခါမုန်တိုင်းတိုက်ခတ်အပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်နေရာအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနဲ့ ရန်ကုန်တို့မှာ သေဆုံးသူ ၁၈ ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် NUG အစိုးရက အမေရိကန် ဒေါ်လာတစ်သန်း ပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဟာ သတင်းအချက်အလက်ရယူပိုင်ခွင့်နဲ့ အကူအညီ တောင်းပိုင်ခွင့် အပြည့်အဝရဖို့ အရေးကြီးတယ်လို့ NUG လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ သတင်းအချက်အလက်ရရှိဖို့က အရေးကြီးတယ်။ စစ်ကောင်စီက ဖြတ်လေးဖြတ်နည်းဗျူဟာကို အသုံးပြုနေလို့ သတင်းအချက်အလက်ဖြတ်တောက်တာနဲ့ စားနပ်ရိက္ခာဖြတ်တောက်တာတွေက ပြည်သူတွေက ဒုက္ခရောက်စေမှာ ဖြစ်တယ်။ ဒုက္ခခံစားရတဲ့သူတွေက သတင်းအချက်အလက်ရယူပိုင်ခွင့်နဲ့ လူသားချင်းစာနာမှုတောင်းခံပိုင်ခွင့်ရှိတယ်။ ဒါတွေကို ချိုးဖောက်ခံနေရတယ်။ ရခိုင်ပြည်နယ်အတွက်ကို အကူအညီတွေကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ ကျွန်တော်တို့ကြိုးစားနေတယ်။ ချင်းနဲ့ ကျန်တဲ့ တိုင်းတွေမှာလည်း ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်တယ်။”

မုန်တိုင်းကြောင့် နေအိမ်၊ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတားတွေ ပျက်စီးခဲ့ပြီး ရခိုင်ပြည်နယ်က ပျက်စီးမှုအများဆုံးနဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေက ဒုတိယထိခိုက်မှုအများဆုံး တိုင်းတွေဖြစ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ အထင်ကရနေရာတွေဖြစ်တဲ့ ကျောက်တော်မဟာမြတ်မုနိဘုရား၊ စစ်တွေရှုခင်းသာလမ်းတွေ ထိခိုက်ပျက်စီးပြီး အိမ်ခြေထောင်သောင်းကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာ ၃၄ ရွာက လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်နဲ့ မကွေးတိုင်းက လူဦးရေ နှစ်ထောင့်ငါးရာနီးပါး မုန်တိုင်းကြောင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။