မိုခါမုန်တိုင်း စစ်တွေမြို့နဲ့ ရေမိုင် ၃၁၀ အကွာရောက်လာပြီလို့ မိုးဇလပြော
2023.05.13
အလွန့်အလွန်အားကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့နဲ့ ရေမိုင် ၃၁၀ အကွာကို ရောက်လာပြီလို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၃ ရက်မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့အနီးကနေ အားအလွန်ကောင်းတဲ့ အဆင့်နဲ့ ဖြတ်ကျော်နိုင်တာကြောင့် အနီရောင်အဆင့်လို့ မိုးဇလက သတ်မှတ်ထားပါတယ်။
မုန်တိုင်းဖြတ်ကျော်နေစဉ် မုန်တိုင်းဒီရေဟာ စစ်တွေနဲ့ မောင်တောခရိုင်ထဲက မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၁၄ ပေကနေ ၁၈ ပေအထိမြင့်တက်လာနိုင်ပြီး ကျောက်ဖြူ ခရိုင်ထဲမှာတော့ မုန်တိုင်းဒီရေဟာ ၁၀ ပေ ကနေ ၁၄ ပေ အထိမြင့်တက်လာမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီအတွက် ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြသူတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ မိုးလေဝသလေ့လာသူတွေကလည်း တိုက်တွန်းနေပါတယ်။
စစ်တွေ၊ ပေါက်တော စတဲ့မြို့နယ်ထဲက ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော၊ မာန်အောင် စတဲ့မြို့နယ်ခုနစ်ခုမှာ ဘေးအန္တရာယ် ကျရောက်နိုင်မှု အများဆုံးရှိနိုင်လို့ အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မေလ ၁၂ ရက်ညပိုင်းမှာ ကြေညာပါတယ်။
လက်ရှိအချိန်မှာတော့ တစ်နာရီကို လေတိုက်နှုန်း ၁၁၅ မိုင်ကနေ ၁၂၅ မိုင်အထိ တိုက်ခတ်နေပြီး မေလ ၁၄ ရက် နေ့လယ်မှာ စစ်တွေမြို့ကိုဖြတ်ကျော်ပြီးနောက် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို ဆက်ပြီးရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။