ဂွမြို့နယ်မှာ မုန်တိုင်းကြောင့် အိမ် ၇၀ ကျော် ပျက်စီး

RFA Burmese
2023.05.15
ဂွမြို့နယ်မှာ မုန်တိုင်းကြောင့် အိမ် ၇၀ ကျော် ပျက်စီး ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာတွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ရွှေဦးကွင်း ကျေးရွာမှာ မုန်တိုင်းကြောင့် လူနေအိမ် ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ ရွှေဦးကွင်း ဒေသခံ ကိုစိုးက RFA ကို ဒီနေ့ ပြောပါတယ်။

“ဂွမှာက ကျနော်တို့ ရွှေဦးကွင်း တစ်ရွာတည်းထိတာ။ အိမ်ခြေက ၇၀ ကျော် ပျက်စီး သွားတယ်။ လူတွေတော့ ထိခိုက်မှု မရှိဘူး။ မုန်တိုင်းက မေလ ၁၄ ရက်နေ့ ညဦး ၁၀ နာရီလောက်ကစပြီး တိုက်တာပေါ့။ အခုလောလောဆယ် ကျန်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးနေတယ်။ ဂွမြို့ အရန်မီးသတ်အဖွဲ့တွေလည်း ရောက်နေတယ်”

ရွှေဦးကွင်းရွာမှာ အိမ်ခြေ ၃၅၀ နီးပါးရှိပြီး အိမ်ခြေ ၇၀ ကျော် ပျက်စီးခဲ့တာလို့ သူက ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ဂွမြို့နယ်အတွင်း အရပ်သား ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဂွမြို့ အပါအဝင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ တိုက်ခတ်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာ နေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ခုနစ်ခု၊ လမ်းမီးတိုင် ၇၁ တိုင်နဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။