မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းမှာ ရေကြီးပြီး နေအိမ် ၁၅၀၀ နီးပါးနစ်မြုပ်
2023.05.15

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီနဲ့ ခင်ဦးမြို့နယ်တွေမှာ ရေကြီးနေပြီး နေအိမ် ၁၅၀၀ နီးပါးနဲ့ သီးနှံစိုက်ခင်း ဧက တစ်သောင်းကျော် နစ်မြုပ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံတွေ အမိုးအကာပျက်စီးတာရှိသလို နေအိမ်အများစုက ရေနစ်မြုပ်နေတာပါ။
မိုးအဆက်မပြတ်ရွာပြီး မေလ ၁၄ ရက်ညပိုင်းက မြောက်ယမားဆည် လက်ယာမြောင်း ကျိုးခဲ့တာကြောင့် ယင်းမာပင်မြို့နယ် ကျေးရွာ ၁၀ ရွာက နေအိမ် ကိုးရာနီးပါး ရေမြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်တွေထဲ ရေတွေဝင်လာလို့ ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ လက်ပံတောရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ကိုပြောပါတယ်။
“ဒီမနက် ရွာထဲပြန်ဝင်ကြည့်တာ။ အိမ်တွေထဲမှာ နွံတွေအများကြီးပဲ။ ဆန်နဲ့စပါးတွေ လည်း ရေနစ်မြုပ်ကုန်တယ်။ ချက်ပြုတ်ဖို့အတွက် ထင်းကလည်း ရေစိုတော့ ချက်လို့ပြုတ်လို့ အဆင်မပြေသေးဘူး။ မြေနိမ့်ပိုင်းက ရွာခံတွေကတော့ ဘုရား ကုန်းပေါ်တက်နေကြတယ်”
ဆားလင်းကြီးမြို့နယ်မှာလည်း စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ တဲတွေထဲကို ရေဝင်ပြီး စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ဒီအပြင် ချင်းတွင်းမြစ်ဘေးမှာ နေထိုင်ကြတဲ့ ရွာတချို့ရေကြီးရေလျှံဖြစ်ပြီး နေအိမ် ၃၀၀ ဝန်းကျင်လောက် ရေမြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကနီမြို့နယ်မှာလည်း တောင်ကျချောင်းရေနဲ့ မြောင်းရေတွေလျှံလို့ နေအိမ် ၂၀၀ နီးပါးလောက် ရေနစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်မှာလည်း ကျေးရွာ ၅၀ နီးပါးက ယာသီးနှံစိုက်ဧက တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။ ခင်ဦးဒေသခံတွေဟာ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ်နဲ့ ဂန္ဓမာပန်းတွေကို ယာသီးနှံအဖြစ် စိုက်ပျိုးကြတာပါ။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ စီးနင်းတိုက်ခိုက်မှုတွေ ကြောင့် နေအိမ်မီးလောင်ပျက်စီးတာ၊ တောတောင်တွေထဲ တဲထိုးနေထိုင်ရတာအပြင် ဘဘာဝဘေးဒဏ်ကိုပါ တပြိုင်တည်းခံစားနေရတာဖြစ်ပါတယ်။