ဆင်ဖြူကျွန်းမှာ မုန်တိုင်းကြောင့် ဒေသခံ သုံးဦးသေဆုံး
2023.05.16

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ကာ အရပ်သားသုံးဦး မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဆင်ဖြူကျွန်းမြို့ပေါ်က အသက် ၇၀ အရွယ် ဒေါ်အေးသန်းနဲ့ သမီးဖြစ်သူ အသက် ၄၀ နီးပါးအရွယ် ဒေါ်အေးသင်းစိုးနဲ့ နွယ်တမာရွာက အသက် ၂၀ အရွယ် ကိုရှိန်းထက်အောင် တို့ဖြစ်ပါတယ်။
သူတို့သုံးဦးဟာ ရေစီးနဲ့အတူမျောပါသွားပြီး ရုပ်အလောင်းတွေကိုတော့ မေလ ၁၅ ရက်နေ့မှာ ပြန်တွေ့ခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒေါ်အေးသန်းကိုတော့ မနေ့က မနက်ပိုင်း ပြန်တွေ့တယ်။ သူ့သမီးကိုတော့ ညနေပိုင်းလောက် အလောင်းတွေ့တယ်ပေါ့။ ပျောက်တဲ့နေရာနဲ့ တော်တော်လေး ဝေးတယ်။ ဧရာဝတီမြစ် စမ်းတွင်းကျွန်းနား ပြန်တွေ့တာပေါ့လေ။ နွယ်တမယ်က ပျောက်နေတဲ့ ကိုရှိန်း ရုပ်အလောင်းကိုလည်း မနေ့က ညနေပိုင်းပဲ တွေ့တယ်။ အသေးစိတ်ကိုတော့ မပြောတော့ပါဘူး”
လက်ရှိမှာတော့ ဆင်ဖြူကျွန်းမြို့နယ်နဲ့ နေရာတချို့မှာရေကျသွားပြီဖြစ်ပေမယ့် အပျက်အစီးတွေကြား သွားလာရေးခက်ခဲနေတဲ့အတွက် ကူညီကယ်ဆယ်ရေး အပြည့်အဝဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။