မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အားလုံး ရပ်ဆိုင်းထား
2023.05.13
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ကိုသွားလာတဲ့ ခရီးစဉ်အားလုံး မေလ ၁၃ ရက်ဒီနေ့ကစပြီး ရပ်ဆိုင်းထားတယ်လို့ ပြည်တွင်း ခရီးသွားလတ်မှတ်ရောင်းချတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရေကြောင်းနဲ့ လေကြောင်းခရီးစဉ်တွေအပြင် ကုန်းလမ်းခရီးစဉ်တွေကိုပါ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
တခြားဒေသကနေ ရခိုင်ပြည်နယ်ကိုသွားလာတဲ့ ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းထား ပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြောင်းရွှေ့ရေးအတွက် မေလ ၁၃ ရက်ဒီနေ့အထိ သွားလာနေကြရတုန်းပဲလို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ကတော့ သွားလာနေကြတုန်းပဲ။ အကုန်လုံးပဲ။ စစ်တွေတစ်မြို့လုံးက ပြောင်းရွှေ့နေတာ အခုက။ စစ်တွေမြို့နယ်တွင်း စစ်တွေကနေ တခြားမြို့နယ်တွေကို သွားတဲ့ ကားတွေကတော့ မပိတ်သေးဘူး”
ရန်ကုန်-စစ်တွေ လေကြောင်းခရီးစဉ်တွေကို မုန်တိုင်းကြောင့် လေးရက်ပိတ်ထားတယ်လို့ လေယာဉ်လက်မှတ် ရောင်းချတဲ့ အေဂျင်စီတစ်ခုက RFA ကို ပြောပါတယ်။
ဒါ့အပြင် ရန်ကုန် - စစ်တွေ ခရီးသည်တင်ကားသွားလာမှုတွေကို မုန်တိုင်းအခြေအနေ မသိရသေးတာကြောင့် ရက်အကန့်အသတ်မရှိ ရပ်နားထားတယ်လို့လည်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ရေကြောင်းခရီးစဉ်တွေ အားလုံးလည်း မုန်တိုင်းကြောင့် ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးကနေ အားအလွန် ကောင်းတဲ့အဆင့်နဲ့ ဖြတ်ကျော်နိုင်တာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၃ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။