မုန်တိုင်းသင့်ပြည်သူတွေကို ဒေါ်လာငါးသိန်းနီးပါး အင်ဒိုနီးရှား ကူညီမည်

RFA Burmese
2023.06.14
မုန်တိုင်းသင့်ပြည်သူတွေကို ဒေါ်လာငါးသိန်းနီးပါး အင်ဒိုနီးရှား ကူညီမည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ဒေသများသို့ အရေးပေါ် နေအိမ်အမိုးအကာ ထောက်ပံ့မှုပစ္စည်းများပို့ဆောင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်။
UNHCR

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ လေးသိန်းခုနစ်သောင်းကျော် (အင်ဒိုနီးရှား ရူပီး ခုနစ်ဘီလီယံ) တန်ဖိုးရှိတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ စီစဉ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လူသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Muhadjir Effendy က ဇွန်လ ၁၄ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို ပေးပို့မယ့် အကူအညီအကြောင်း ပြောလိုက်တာလို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အခြေစိုက် Antara သတင်းအေဂျင်စီက ဆိုပါတယ်။

အရေးပေါ်ကာလ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းတွေကို ပံ့ပိုးကူညီတာလို့ အင်ဒိုနီးရှားဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားကပေးမဲ့ အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ မိလ္လာစနစ်နဲ့ ကူးစက်ရောဂါကုသရေးဆိုင်ရာပစ္စည်းတွေ ပါဝင်မှာဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေကို ဇွန်လ ၂၆ ရက်နေ့မှာ ပေးပို့မှာဖြစ်ပြီး အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စတွေ ဖြေရှင်းရာမှာလည်း ပညာရေး၊ ကျန်းမာရေးနဲ့ဆိုင်တဲ့အကူအညီတွေ အင်ဒိုနီးရှားနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ပေးခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ အင်ဒိုနီးရှားနိုင်ငံက လက်ရှိ ၂၀၂၃ ခုနှစ်အတွက် ဥက္ကဋ္ဌ တာဝန်ယူထားတာပါ။

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ အပါအဝင် နိုင်ငံတကာကလည်း ပေးထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မုန်တိုင်းသင့်ပြည်သူတွေဆီ တိုက်ရိုက်သွားရောက်ကူညီခွင့် ပိတ်ထားပါတယ်။

ဒါကြောင့် မုန်တိုင်းဒဏ်ခံစားခဲ့ရသူ အများစု အကူအညီအထောက်အပံ့တွေ မရကြသေးဘဲ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။