ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့မန္တလေးတိုင်းကို မုန်တိုင်းရွေ့မယ်လို့ မိုးဇလထုတ်ပြန်
2023.05.14

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့ကို ဖြတ်ကျော်ပြီး နောက်(၁၂)နာရီအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်း (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း(မြောက်ပိုင်း)တွေကို ဆက်လက်ရွေ့လျားမယ်လို့ စစ်ကောင်စီ မိုးလေဝသဌာနက မေလ ၁၄ ရက်နေ့ ည ၇ နာရီ မှာသတင်းထုတ်ပြန်ပါတယ်။
နောက် (၂၄)နာရီအတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေကို မုန်တိုင်းငယ်အနေနဲ့ ဆက်လက် ရွေ့လျားသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မေလ ၁၅ ရက်နေ့မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ် တွေမှာဒေသအလိုက်နဲ့ နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အသိပေးထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက်လေပြင်းကျပြီး လှိုင်းအလွန်ကြီးနိုင်ကြောင်းနဲ့ လှိုင်းအမြင့်က ၁၀ ပေကနေ ၁၄ ပေခန့်အထိရှိနိုင်တယ်လို့ ဆိုပါတယ်။
တစ်နာရီကို လေမိုင်(၅၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ကချင်၊ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင်(၅၀)ကနေ မိုင်(၇၀)ခန့်အထိနဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကယားပြည်နယ်တွေမှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီမိုင်(၄၀)ကနေ မိုင်(၅၀)ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
“မိုခါ” မုန်တိုင်း ရွေ့လျားရာ တစ်လျှောက် ဒေသများမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ သတိထားရှောင်ရှားဖို့လိုတယ်လို့ ပြောပါတယ်။
ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေက ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ပင်လယ်ပြင်ကို လုံးဝမထွက်ဖို့ သတိပေးထားပါတယ်။