မုန်တိုင်းကြောင့် ကျောက်တော်မှာ လူလေးဦး သေဆုံးခဲ့

RFA Burmese
2023.05.15
မုန်တိုင်းကြောင့် ကျောက်တော်မှာ လူလေးဦး သေဆုံးခဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မိုခါမုန်တိုင်းတိုက်ခတ်ခံရတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ နေအိမ်အဆောက်အအုံနဲ့ သာသနိကအဆောက်အအုံတွေအပါအဝင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးပြီး လူလေးဦး သေဆုံးခဲ့တယ်လို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မုန်တိုင်းတိုက်ခတ်တာမှာ အမျိုးသားလေးဦးဟာ သစ်ပင်ပိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“လူအသေအပျောက်ကတော့ ကျွန်တော်တို့စာရင်းရထားတာ လေးယောက်။ သေတာကိုတော့သိနေပြီ။ နာမည်တွေတော့ ကျွန်တော်တို့ မယူရသေးဘူး”

ဒီ့အပြင် ကျောက်တော်မြို့ပေါ်ရပ်ကွက် ငါးခုမှာ ၉၉ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသတွေမှာ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

မုန်တိုင်းကြောင့် ကျောက်တော်မြို့ အဆောက်အအုံလေးထောင်ခန့် ပျက်စီးမှုရှိခဲ့တယ်လို့ သူက ခန့်မှန်းပါတယ်။

လက်ရှိမှာ မုန်တိုင်းပြီးသွားပေမယ့် လဲကျနေတဲ့သစ်ပင်တွေကို ရှင်းလင်းနေရတာကြောင့် မုန်တိုင်းသင့်ဒေသခံတွေဆီကို မရောက်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ စတင်ဝင်ရောက် ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွေကို ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့ကာ တရုတ်နိုင်ငံအတွင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။