သပိတ်ကျင်းမြို့နယ် အာဏာပိုင်တွေက မော်ဒန်ဂျာနယ်ကို တရားစွဲ
2012.03.06
“လမ်းလွဲလေးတော့ ကောင်းစေချင်” ဆိုတဲ့ သတင်းဆောင်ပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် တရားရုံးက ဆင့်ခေါ်စာပို့ပြီး ဒီကနေ့ သပိတ်ကျင်းမြို့နယ် တရားရုံးမှာ အမှုစတင် ရင်ဆိုင်ရတာဖြစ်ကြောင်း မော်ဒန်ဂျာနယ်ရဲ့ အထက်ဗမာပြည် တာဝန်ခံ ဦးကျော်ရင်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။
“ဆင့်ခေါ်စာပဲ ရတယ်။ ဘယ်သူကစွဲတယ် ဘာညာဆိုတဲ့ အချက်အလက် အသေးစိတ်တွေက အဲဒီထဲမှာမပါဘူး။ သတင်းထောက် မသက်စုအောင်က ပတ်လမ်းတွေလည်း ကောင်းစေချင်တယ်ဆိုတဲ့ဟာလေး ရေးထားတယ်။ အဲဒီထဲမှာ တံတားစောင့်တဲ့သူက သူ့ကို မြို့နယ်အင်ဂျင်နီယာကနေပြီးတော့ တာဝန်ပေးထားတာပါလို့ ပြောတဲ့အချက်ပါတယ်။ ဒါကြောင့် သပိတ်ကျင်းမြို့နယ်ကနေပြီးတော့ စီစဉ်ထုတ်ဝေသူ ဦးဝေလျှံကို ပုဒ်မ ၅၀၀ အသေရေဖျက်မှုနဲ့ တရားစွဲတယ်။ သတင်းရေးတဲ့ မသက်စုအောင်ကို အားပေးကူညီမှုနဲ့ တရားစွဲတာပါ။ ဒီနေ့ သပိတ်ကျင်းမြို့မှာ ရုံးချိန်းပါ”
အမှုကို ရှေ့နေဦးမြင့်သွင် လိုက်ပါဆောင်ရွက်ပေးပြီး ဒီနေ့ အမှုစစ်ဆေးခဲ့ခြင်းမရှိဘဲ လာမယ့် ၂၃ ရက်ကို ရုံးချိန်းပြန်ပေးလိုက်တယ်လို့ တရားရုံးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မသက်စုအောင်ဟာ ဒီသတင်းဆောင်းပါးရေးဖို့ တခြားဂျာနယ်တိုက်က သတင်းထောက် ၅ ဦးနဲ့အတူ သွားရောက်လေ့လာခဲ့တာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေအတိုင်း ရေးသားထားတဲ့သတင်းကို တရားစွဲခံရတာလို့ ဦးကျော်ရင်မြင့်က ပြောပါတယ်။
”တံတားစောင့်တဲ့လူက ပိုက်ဆံတောင်းတာ တဖြည်းတဖြည်းနဲ့ များများလာတဲ့အခါကျတော့ ကားသမားတွေက မခံနိုင်တော့ သတင်းဂျာနယ်တွေကို ပြောပြတော့ ကွင်းဆင်းပြီး သွားကြည့်တဲ့အခါမှာ ပတ်လမ်းတွေ မကောင်းဘူးဆိုတာ တွေ့ရတယ်။ နောက်ထပ်တွေ့ရတာက တချို့ကုန်ကားသမားတွေက အောက်ကပတ်လမ်းတွေ မကောင်းတော့ တိမ်းမှောက်မှာ စိုးရိမ်ပြီး တံတားပေါ်က ဖြတ်ဖို့ဆိုလို့ရှိရင် တံတားမှာ အစောင့်တွေက ပိုက်ဆံယူပြီးတော့မှ တံတားပေါ်ကနေ ကားကြီးတွေကို ဖြတ်ခွင့်ပေးနေတယ်။ အဖြစ်အပျက်ကတော့ အဲဒါပါ”
BMA မြန်မာ့သတင်းသမဂ္ဂ ဒု ဥက္ကဋ္ဌ ဦးဇင်လင်းကတော့ အခုလို တရားစွဲတာဟာ မီဒီယာသမားတွေကို စိန်ခေါ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေတွေဖြစ်တဲ့ ၁၉၅၀ အရေးပေါ်စီမံချက် အက်ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ လိုက်နာရမည့် ဥပဒေတွေနဲ့ နိုင်ငံတော်လုံခြုံရေးအကြောင်းပြ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့ မဆီလျော်တဲ့ ဒီဥပဒေတွေကို မဖျက်သိမ်းဘူးဆိုရင် အချိန်မရွေး သတင်းစာသမားတွေကို သူတို့က ဒုက္ခပေးနိုင်တယ်။ ပြသနာ ရှာနိုင်တယ်။ ဒီစပ်ကူးမပ်ကူးကာလမှာ မီဒီယာသမားတွေအတွက် ဒါဟာ ပထမဆုံး စိန်ခေါ်မှု ဖြစ်လိမ့်မယ်။ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့က ရင်ဆိုင်ပြီးတော့ကာ မလိုလားအပ်တဲ့ တရားဥပဒေတွေကို မီဒီယာသမားတွေ ဝိုင်းဝန်းပြီးတော့ ဆန့်ကျင်သွားကြရမှာပဲ” လို့လည်း ဦးဇင်လင်းက ပြောသွားပါတယ်။