ကိုးကန့်ဒေသနဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်နေ

2021.12.14
ကိုးကန့်ဒေသနဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်နေ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်
Photo: MNDAA ပြန်ကြားရေး

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးခရိုင်ထဲက ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ တပ်စခန်း လေးခုကို စစ်ကောင်စီ တပ်က မနေ့က လေကြောင်းသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန် ပါတယ်။

မန်ရန်၊ ရှိဝမ်၊ ချင်ချိုင့်ထန်၊ မန်ကျော် ဆိုတဲ့ ကိုးကန့် တပ်စခန်းတွေကို မနေ့မနက် ၅ နာရီခွဲမှာ စစ်ကောင်စီ တပ်ဖွဲ့တွေဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး နာရီဝက်လောက် အကြာမှာတော့ မန်ရန်တပ် စခန်းကို ခြေလျှင်တပ်ဖွဲ့နဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ MNDAA ရဲ့ ရှေ့တန်းစစ် ညွှန်ကြားရေးမှူးက အဲဒီ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း သုံးလောင်းကို တွေ့မြင်ရပေမယ့် ထိခိုက်ကျဆုံးမှု အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေလို့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေကြရတယ်လို့ တိုက်ပွဲဖြစ်နေတဲ့ ဖောင်ဆိုင်ရွာက အရပ်သားတစ်ယောက်က RFA ကိုပြောပါတယ်။

“မနေ့ကတော့ မနက် ၃ နာရီကနေ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်တယ်ဗျ။ စစ်ကြောင်းတွေလည်း အများ ကြီး ထိုးထားတော့ တိုက်ပွဲအခြေအနေတော့ ဆက်ပြီးဆိုးမယ့်သဘောရှိတယ်။ မနေ့က လူတွေ တော့ ဘာမှမထိဘူး။ အိမ်တစ်လုံး မီးလောင်သွားတယ်။ ပြီးရင် ဖောင်ဆိုင်ရွာက အိမ်မှာ အမြောက် လာကျတော့ အိမ်ကတော့လုံးဝကို ပျက်စီးသွားတယ်။ အကြီးအကျယ်ပဲ။ မုံးကိုးဘက်ကလည်း အမြောက် တွေနဲ့ ပစ်တယ်။ ပြည်သူ ပြည်သားတွေလည်း ကြောက်ကြောက် လန့်လန့်နဲ့ မတက်နိုင်တော့ဘူး။ ကတုတ်ကျင်းထဲမှာပဲ အားလုံးဝင်နေကြတယ်။ မနေ့ကတော့ ထမင်းတောင် မစားရဘူး”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကူတွေ မုံးကိုးခရိုင်အတွင်းကို ဝင်ရောက်လာတဲ့ အချိန်ကစပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်စခန်းတွေကို အရှိန်အဟုန်နဲ့ တိုက်ခိုက်နေတာလို့ MNDAA က ပြောပါတယ်။

စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း (၃၁၅)၊ တပ်ရင်း (၁၁၃) က စစ်အင်အား ၁၈၀ ကျော်နဲ့ မန်ရန်းတပ်စခန်းကို ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာ ကြောင့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကိုးကန့်ဘက်က တစ်ဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့် တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲနဲ့ ပန်ဆိုင်းမြို့နယ်ခွဲအတွင်းမှ ပြီးခဲ့တဲ့ သြဂုတ် လဆန်းတည်းကစပြီး စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲပြန်လည် ပြင်းထန်လာခဲ့တာဖြစ်ပြီး ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီနဲ့ အရပ်သား ခုခံကာကွယ်ရေး တပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပါတယ်။

"ကတုတ်ကျင်းထဲမှာပဲ အားလုံးဝင်နေကြတယ်။ မနေ့ကတော့ ထမင်းတောင် မစားရဘူး"

ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက ချင်းတွင်းမြစ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပြီး ၁၂ ရက်နေ့မှာတော့ နှစ်နေရာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ သင်္ဘောတစ်စင်း နစ်မြုပ်သွားတယ်လို့ ကနီပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (KLG PDF) ရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“တိုက်ပွဲတွေကတော့ နေ့စဉ်ရက်ဆက် ဖြစ်နေတာဗျ။ ဒီနေ့လည်း ဖြစ်ဦးမှာပဲ။ ၁၂ ရက်နေ့တော့ ၁၀ နာရီ လောက်က တစ်နေရာ ၁၂ နာရီလောက်က တစ်နေရာ နှစ်နေရာပေါင်းပြီး ပစ်လိုက်တာဗျ။ အဲညတုန်း ကလည်း ထပ်ပစ်တာရယ် မနက်ခင်းကမှ မြုပ်မှန်းသိတာဗျ။ ကျောက်စိမ်းတင်လာတဲ့ သင်္ဘောတွေက အားလုံးပေါင်း ၁၁ စီးဗျ။ အခုလောလောဆယ် အနေအထားကတော့ ပွဲကောင်းမယ့် နေရာနား မရောက် သေးဘူးဗျ။ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်ဦးမှာပဲ။ ဒီလေးငါးရက် အတော အတွင်း စစ်ကောင်စီ ဘက်က တစ်ရာကျော် သေပြီးပြီဗျ။ အဝေးထိန်း လက်နက်နဲ့ပဲ ပစ်တာဆိုတော့ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးဗျ”

ဒီဇင်ဘာ ၁၃ ရက် မနေ့ညကလည်း ကနီမြို့နယ် အင်းလယ်ချောင်ရွာအနားမှာ သောင်တင်နေတဲ့ စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အဝေးပစ် လက်နက်တွေ အပါအဝင် ဖောင်ပေါ် မိုင်းတင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၁၀ ယောက်ထက် မနည်း ကျဆုံးနိုင်တယ်လို့ KLG PDF ကဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်တဲ့ အရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင် သေးပါဘူး။

kani pdf
(ကနီ ပြည်သူ့ကာကွယ်ရေးတပ် သင်တန်းဆင်းတပ်ဖွဲ့ဝင် အချို့ကို တွေ့ရစဉ်) Photo: PDF Kani

ဒါ့အပြင် ကနီ၊ ဆားလင်းကြီး၊ ပုလဲနဲ့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ ယာဉ်တန်းကို မနေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သလို၊ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ယင်းမာပင် PDF အဖွဲ့ ခေါင်းဆောင်က RFA ကိုပြောပါတယ်။

“မနေ့ကဆိုရင်လည်း ကျနော်တို့ ယင်းမာပင်ရဲ့အထွက်ပေါ့နော် အကြမ်းဖက် စစ်ကောင်စီရဲ့ယာဉ်တန်း ကို ကျနော်တို့ ခရိုင်ပေါ့နော် ကနီက PDF တွေပါမယ်၊ ဆားလင်းကြီးက PDF တွေပါမယ်၊ ပုလဲက PDF တွေ ပါမယ် နောက်ပြီးတော့ ယင်းမာပင်က PDF တွေ ပါမယ်ပေါ့နော် PDF စုပေါင်းတပ်ဖွဲ့တွေကနေ တိုက်ခိုက် လိုက်နိုင်တာ ရှိတယ်။ တိုက်ပွဲကတော့ ဒီနေ့အထိ ပြင်းထန်နေတယ်၊ စောစောကမှကို ထပ်ပြီးတော့ ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်”

တိုက်ပွဲတွေအတွင်း အဝေးထိန်းမိုင်းနဲ့ ပြောက်ကျားနည်းစနစ်နဲ့သာ တိုက်ခိုက်တာကြောင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေဘက်က ထိခိုက်မှုနည်းပေမယ့် စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ဒဏ်ရာ ရတဲ့သူ တစ်ယောက်နဲ့ မိုင်းထောင်နေစဉ် အမှားအယွင်းကြောင့် တစ်ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင် PDF ခေါင်းဆောင်က ပြောပါတယ်။

အခုလို မုံးကိုးနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီနေ့ ညနေ ၃ နာရီခွဲ လောက်အထိ အကြောင်းမပြန်ပါဘူး။

NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တစ်လတာ ကာလအတွင်း နိုင်ငံတစ်ဝန်း ဗုံးပေါက်ကွဲမှု ၃၇၁ ကြိမ် နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်တွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၂,၁၁၇ ဦး အထိ ရှိခဲ့သလို ၆၈၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ တုံ့ပြန်ချက် မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။