မိုးဗြဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားခြောက်ဦး အလောင်းတွေ့

RFA Burmese
2023.06.09
မိုးဗြဲမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားခြောက်ဦး အလောင်းတွေ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Mobye Rescue Team

စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်း ခြောက်လောင်းတွေ့ရပြီး အဲဒီအထဲက ရုပ်အလောင်းနှစ်လောင်းကို မနေ့က သယ်ယူလို့ရပေမယ့် ကျန်လေးဦးရဲ့ အလောင်းတွေကိုတော့ သယ်ယူလို့ မရသေးဘူးလို့ မိုးဗြဲမြို့ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

မိုးဗြဲမြို့ စည်ကာရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က တိုက်ပွဲအတွင်းပိတ်မိခဲ့တဲ့ အမျိုးသားနှစ်ဦး ရဲ့ရုပ်အလောင်း ကို ဇွန်လ ၈ရက်နေ့မှာ ဒေသခံတွေ ပြန်တွေ့ခဲ့ရတာပါ။ ဒါပေမဲ့ မိုးဗြဲမြို့အထွက် လယ်တီ တောင်ခြေနားမှာ ဇွန်လ ၇ ရက်နေ့က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်းကိုတော့ ဒီနေ့အထိသယ်လို့ မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးဗြဲမြို့ ဒေသခံက ပြောပါတယ်။

“စည်ကာရပ်ကွက်ထဲမှာက နှစ်ယောက် မနေ့ကတွေ့တယ်။ လယ်တီဘက်မှာလည်း ၇ ရက်နေ့ ကတည်းက လေးယောက် ပစ်သတ်ခံထားရတယ်။ အဲလေးယောက်က ခြံစိုက်တဲ့သူတွေပါ။ တိုက်ပွဲငြိမ်ပြီဆိုပြီး ဆိုင်ကယ် နှစ်စီးနဲ့ မိုးဗြဲကို လာတဲ့အချိန် စစ်ကောင်စီတပ်က ပစ်လိုက်တာ လို့ ကနဦး သိထားရတယ်ဗျ။ တောင်ပေါ်မှာက စစ်ကောင်စီ တပ်စခန်းရှိနေတော့ အလောင်းကို အခုထိ မကောက်နိုင်သေးဘူး”

သေဆုံးသွားတဲ့ အမျိုးသားတွေထဲမှာ စည်ကာရပ်ကွက်က အမျိုးသားတစ်ယောက်၊ ပေါ်ဦး ရပ်ကွက်က အမျိုးသားနှစ်ယောက် နဲ့ ဒုံးတူထန်ရပ်ကွက်က အမျိုးသားတစ်ယောက်တို့ ပါဝင်ပြီး အသက် ၃၀ နဲ့ ၅၀ ကြား အရွယ်တွေဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေတိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအပြီး ဇွန်လ ၇ ရက်နေ့ကစလို့ စစ်ကောင်စီက မိုးဗြဲမြို့ ပေါ်ရပ်ကွက်က လမ်းကြားတွေကို လူသွားလူလာ ပိတ်လိုက်ပြီး လမ်းမကြီးတစ်ခုတည်းကနေသာ သွားဖို့ခွင့်ပြုထားတယ်လို့ ဒေသခံက ပြောပါတယ်။ ဒါ့အပြင် အရပ်သားအချို့ ဖမ်းဆီးစစ်ဆေးခံနေရပြီး ပြန်မလွတ်လာသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံကပြောပါတယ်။

မိုးဗြဲမြို့နယ်အတွင်းက အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ အရပ်သားတွေ ပစ်သတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သေဆုံးသွားသူတွေဟာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက အရပ်သားထိခိုက်မှုစာရင်းတွေကို မှတ်တမ်းပြုစုနေတဲ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတစ်ဦး ကလည်း မိုးဗြဲမှာ အရပ်သားတွေ ပစ်ခတ်သတ်ဖြတ်ခံရတာ မှန်ကန်ကြောင်းနဲ့ အသေးစိတ် အချက်အလက်တွေကို စာရင်းပြုစုပြီး သတင်းထုတ်ပြန်မယ်လို့ ပြောဆိုပါတယ်။ မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲအတွင်းမှာ ကလေးငယ်တစ်ဦး အပါအဝင်အရပ်သား နှစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပါသေးတယ်။

မိုးဗြဲမြို့တစ်ခုတည်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇွန် ၆ ရက်နေ့အထိ အရပ်သား ၄၀ ဦးအထိ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ ဦးပါဝင်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။