မိုးဗြဲဒေသခံ ၂၆ ဦး သတ်ဖြတ်ခံရမှု NUG ရှုတ်ချ
2023.06.16

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တစ်ဝိုက်မှာ ဇွန်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း ဒေသခံရွာသား ၂၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ၂၆ ဦးထဲက ၁၄ ဦးကို မိုးဗြဲမြို့မြောက်ဘက်ပိုင်း စေတီတော်အနီးမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ခြောက်ဦးရဲ့ရုပ်အလောင်းကို ရှမ်းရွာသားတွေကရှာတွေ့ခဲ့သလို တစ်ချို့ရုပ်အလောင်းတွေကိုတော့ ဒရုန်းနဲ့တွေ့ခဲ့တာဖြစ်တယ်လို့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
“မိုးဗြဲမြို့မြောက်ပိုင်း စေတီအနီးတွေမှာ ရွာသား ၁၄ ဦးရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ အလောင်းတွေကို တွေ့ရပါတယ် တစ်ချို့ဟာတွေ ဒရုန်းနဲ့တွေ့ရပါတယ် တစ်ချို့ကိုတော့ လူကိုယ်တိုင်တွေ့ရတယ်”
အဲဒီ ၁၄ ဦးရဲ့ ရုပ်အလောင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ရက်အတိအကျနဲ့ အချိန်အတိအကျတော့ မသိရဘူးလို့ သူကပြောပါတယ်။
ရုပ်အလောင်းငါးလောင်းကို တွေ့ရှိထားပေမယ့် စစ်တပ်ရဲ့အန္တရာယ်စိုးရိမ်ရတာကြောင့် သွားမယူနိုင်သေးဘူးလို့ ဆိုပါတယ်။
၂၆ ဦးထဲက ကျန်တဲ့ ၁၂ ဦးကတော့ မိုးဗြဲမြို့တစ်ဝိုက်မှာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်း NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA အနေနဲ့လည်း သေဆုံးသူအရေအတွက် အတိအကျကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ မိုးဗြဲမြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေဆီကို RFA အနေနဲ့ ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဖုန်းလိုင်းနဲ့အင်တာနက် အခက်အခဲကြောင့် ခေါ်ဆိုခွင့်မရခဲ့ပါဘူး။
ဒေသခံပြည်သူတွေ သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA ဖုန်းခေါ်ဆိုခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာမရှိပါဘူး။
မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်နေ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေအတွင်း ကလေးငယ်သုံးဦးအပါအဝင် ဒေသခံ ၃၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) က RFA ကိုပြောထားပါတယ်။