စစ်ကောင်စီဗိုလ်ချုပ်နှစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်ခံရ

RFA Burmese
2023.10.10
စစ်ကောင်စီဗိုလ်ချုပ်နှစ်ဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်ခံရ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ)နှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုး (ယာ)။
Myanmar Military

အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထားတဲ့ စစ်ကောင်စီအစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရားရုံးနဲ့ တရားစီရင်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တခြားသူတွေ ထပ်မလုပ်ရဲအောင် အခုလို အရေးယူတာဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်း ဒေါက်တာအောင်မျိုးက သုံးသပ်ပါတယ်။

"နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကြောင့် ငွေကြေးအကျပ်အတည်းဖြစ်တဲ့အခါမှာ စီမံခန့်ခွဲဖို့ ယုံကြည်စိတ်ချရသူတွေကို တာဝန်ပေးတယ်၊ ဒီလူတွေက စီးပွားရေးလုပ်စားသွားတာကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ဒီလိုအရေးယူတာဖြစ်ပါတယ်၊ ဒီလိုအရေးယူတာကြောင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကိုလည်း အထောက်အကူပြုတယ်၊ ကျန်တဲ့သူတွေလည်း ဒါမျိုးမလုပ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပြီးမြောက်တယ်"

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီတွေရဲ့ ဥက္ကဋ္ဌ တာဝန်တွေကို  ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ပေးအပ်ခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်ကောင်စီကို စတင်ဖွဲ့စည်းချိန်မှာ နံပါတ် ၇ နေရာမှာရှိခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံလူရင်းတစ်ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။



ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ လာဘ်စားတာအပြင် သူထက်ရာထူးငယ်တဲ့သူတွေကို မလေးမစား ဆက်ဆံတာတွေကြောင့် အရေးယူခံရတာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်နေတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်ပါတယ်။

"လာဘ်စားမှုတွေ မင်းအောင်လှိုင်ကို ခြေရာတိုင်းမှုတွေပေါ့နော်၊ သူ့ထက် စီနီယာဖြစ်တဲ့ ဗိုလ်ချုပ်တွေ ရှိတယ်ပေါ့နော်၊ ဒါပေမဲ့ သူက ရာထူးအရ နေရာကောင်းမှာရောက်တဲ့အခါမှာ မချေမငံလုပ်တယ်ပေါ့နော်၊ ဒီလိုကိစ္စတွေ စုသွားတော့ နောက်ဆုံး လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ စီးပွားရေးကိစ္စတွေမှာ ဝင်စွက်ဖက်တယ်ဆိုပြီး ဒီကိစ္စနဲ့ ခေါင်းစဉ်တပ်ပြီး စစ်တရားရုံးနဲ့ထိုင်စစ်ဆေးပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။"

တပ်အရာရှိတွေအနေနဲ့ အရေးယူခံရတဲ့အခါ ထောင်တွင်းမှာလည်း အေးအေးဆေးနေရပြီး ပြစ်ဒဏ်မပြည့်ခင်မှာတင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြန်မြန်ဆန်ဆန် ပြန်လွတ်လာတာတွေလည်း ရှိကြောင်း ဗိုလ်ကြီး ကောင်းသူဝင်းက ထောက်ပြဝေဖန်ပါတယ်။

 ဒီလိုထောက်ပြဝေဖန်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ တာဝန်တွေကို ထမ်းဆောင်နေချိန်မှာ လာဘ်စားခဲ့တာနဲ့ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ကောင်စီဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာ) နှင့်အတူ တွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ) အား တွေ့ရစဉ်။ (Photo: CINCDS)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာ) နှင့်အတူ တွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ) အား တွေ့ရစဉ်။ (Photo: CINCDS)

အဲဒီနောက် တစ်လဝန်းကျင်မှာ စစ်တရားရုံးနဲ့ တရားစီရင်ပြီး ထောင်ဒဏ် နှစ်နှစ်ဆယ်နဲ့ညီမျှတဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြည်ပကနေ စားအုန်းဆီတင်သွင်းတဲ့ကိစ္စမှာ စစ်ကောင်စီက သတ်မှတ်နှုန်းထားနဲ့ ပြန်လည်ရောင်းချဖို့ သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ဈေးတင်ရောင်းနေတာကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက သိနေလျက်နဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာ၊ ရာထူးအာဏာကို အလွဲသုံးပြီး ကုမ္ပဏီတွေကပေးတဲ့ လက်ဆောင်ပစ္စည်းတွေကို ရယူခဲ့တာနဲ့ နိုင်ငံခြားငွေတွေ လက်ဝယ်ထားရှိခဲ့တာတွေကြောင့်ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်တရားရုံးကနေ ထောင်ဒဏ်နှစ်နှစ်ဆယ်ချလိုက်တာပါ။

အလားတူ ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုလည်း ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ တွဲဖက် အတွင်းရေးမှူးတာဝန်ကို စစ်ကောင်စီက ပေးထားတာပါ။

ဗိုလ်မှူးချုပ် ရန်နောင်စိုးဟာ အဲဒီမှာ တာဝန်ထမ်းဆောင်ချိန်က ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ပေါင်းပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးကာ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေတွေ လဲပေးတာ အပါအဝင် နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ လက်ခံခဲ့တာတွေ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေတွေကို တရားမဝင် လက်ဝယ်ထားရှိတာနဲ့ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တာကြောင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးကိုလည်း ထောင်ဒဏ် နှစ်နှစ်ဆယ်နဲ့ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ) အား ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် Republic of the Tatarstan နိုင်ငံသို့ ရေယာဉ်တည်ဆောက်ရေး သွားရောက်လေ့လာစဉ်။ (Photo: CINCDS)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (ဝဲ) အား ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် Republic of the Tatarstan နိုင်ငံသို့ ရေယာဉ်တည်ဆောက်ရေး သွားရောက်လေ့လာစဉ်။ (Photo: CINCDS)

ဒီလို တပ်မတော်အရာရှိတွေကို အရေးယူတာဟာ စစ်ကောင်စီအဖွဲ့အတွင်း စည်းနဲ့ကမ်းနဲ့ ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံတကာမှာ ပြချင်တာလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

"အဂတိလိုက်စားပြီးတော့ ထင်ရှားတဲ့ ပြစ်မှုရှိတာလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဒီလိုအရေးယူဖမ်းဆီးခြင်းအားဖြင့် နိုင်ငံတကာမှာ သူတို့အနေနဲ့ အတွင်းထဲမှာ စည်းနဲ့ကမ်းနဲ့ ဖြစ်အောင် အရေးယူဆောင်ရွက်တယ်ဆိုတာ သက်သေပြချင်တာပါလိမ့်မယ်၊ နောက်တစ်ခုက တပ်တွင်းစည်းလုံးညီညွတ်မှုအတွက် အရေးယူပြပြီး ထိန်းသိမ်းမှုကြိုးစားတယ်လို့လည်း နားလည်လို့ရပါတယ်။"

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တာဝန်ယူခဲ့တဲ့နေရာတွေကို စစ်ကောင်စီက ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက အစားထိုး ခန့်အပ်ထားပါတယ်။ ဗိုလ်မှူးချုပ် ရန်နောင်စိုးရဲ့ နေရာကိုတော့ ဘယ်သူ့ကို အစားထိုးလည်းဆိုတာ မသိရသေးပါဘူး။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့အပြင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ စီးပွားကူးသန်း ဒုတိယဝန်ကြီး ဦးညွန့်အောင်တို့လည်း နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေက ပြောထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးသန့်အတည် မပြုနိုင်သေးပါဘူး။

အဂတိလိုက်စားတယ်ဆိုပြီး ဖမ်းဆီးအရေးယူပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဟာ နိုင်ငံရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တာကြောင့် စံပြဖြစ်ဖို့လိုတယ်လို့  စက်တင်ဘာ ၂၈ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီအစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ရာထူးတာဝန်တွေကနေ အနားပေးတာ၊ အဖွဲ့ထဲကနေ အပြီးထုတ်ပယ်တာတွေဟာ ပထမဆုံးနဲ့ အကြီးဆုံး အရေးယူမှုဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။