မိုးညိုကိုယ်စားလှယ်ကို ပါတီအဆင့်မြင့်တာဝန်တွေ ထမ်းဆောင်ခွင့် ၆ လ ရပ်ဆိုင်း
2017.10.15
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ကော်မရှင်က အရေးယူမှုမရှိခဲ့ပေမယ့် ပါတီတွင်း စည်းကမ်းနဲ့ ညီညွတ်မှုမရှိတာကြောင့်ဆိုပြီး အန်အယ်လ်ဒီပါတီရဲ့ အဆင့်မြင့်တာဝန်တွေမှာ ထမ်းဆောင်ခွင့် ၆ လ ရပ်ဆိုင်းလိုက်ပါတယ်။
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ပါတီက အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များ တိုင်ကြားစာဌာနတာဝန်ခံ၊ ဒေါက်တာမျိုးညွန့်က အခုလို ပြောပါတယ်။
"အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥပဒေနဲ့ ငြိစွန်းခြင်းမရှိဘူးဆိုပြီး အရေးမယူပါဘူး။ ကျနော် တို့ကတော့ ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူပါတယ်။ အဂတိလိုက်စားမှုနဲ့ သူတို့ကိုလည်း သူ့ဆိုင်ရာဌာနကို စစ်ဆေးပြီးပြီ။ သူတို့က မပေါ်ပေါက်တဲ့အတွက် အရေးမယူပါဘူး။ ကျနော်တို့ကတော့ ပါတီအရ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့သူကို အရေးယူတယ်ဆိုတဲ့ သဘောမျိုး အရေးယူ တယ်ဆိုပြီး အရေးယူပါတယ်"
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကတော့ လက်ရှိအချိန်အထိ ပါတီရဲ့ အရေးယူစာ မရရှိသေးဘူးလို့ ပြောပါတယ်။
"အဲ့ဒါတော့ ကျနော်တို့ပါတီတွင်း ကိစ္စတွေဗျ။ ပြောလို့တော့မရဘူး။ အမှန်က အဲ့ဒီစာက ကျနော့်ဆီတောင် မရောက်သေးဘူး။ အဲ့ဒါတွေက ပြီးပြီးသားတွေ၊ ဟိုးတုန်းကကိစ္စတွေ၊ ဘယ်လိုကိစ္စနဲ့ တိုင်တယ်ဘာတွေ ဆိုတာက။ စာဖြင့်သတိပေးစာပို့တယ်ဆိုတဲ့ဟာက အဲ့စာ ကျနော့်ဆီကို အခုထိတောင် မရောက်သေးဘူး"
မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ အင်းလုပ်သားနှစ်ဦးထံကနေ ငွေကြေးတောင်း ခံမှုတွေရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနက ထပ်မံ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပါတီတွင်းဆောင်ရွက်ချက်တွေဖြစ်တာကြောင့် စစ်ဆေးရာမှာ ပေါ်ပေါက်ခဲ့တဲ့ အချက်တွေ၊ ပါတီစည်းကမ်းနဲ့ ငြိစွန်းချက်တွေနဲ့ ကိုယ်စားလှယ်ရဲ့ ထွက်ဆိုချက်တွေကို ထုတ်ဖော်ပြောကြားခွင့်မရှိဘူးလို့လည်း ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။