သိမ်းပိုက်မြေပြန်ပေးမှု မိုးဗြဲတောင်သူ မကျေနပ်
2016.08.06

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်မြေတွေကို မူလတောင် သူတွေဆီ ပြန်လည်ပေးအပ်ဖို့အတွက် မြေတိုင်းတာရာမှာ သိမ်းယူထားစဉ်က မပါခဲ့တဲ့ မြေနေရာတွေကို ဝင်ရောက်တိုင်းတာနေတာကို လက်မခံနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မိုးဗြဲမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူတွေက ပြောပါတယ်။
အမှန်တစ်ကယ်စွန့်လွှတ်ရမယ့် မြေယာတွေကို မစွန့်လွှတ်ဘဲ ရပ်ကွက် ၃ ခုနဲ့ ရွာတစ်ရွာက မြေတွေကို ဝင်ရောက် တိုင်းတာနေတာဖြစ်တယ်လို့ မြေသိမ်းခံထားရသူတွေထဲက တောင်သူ ကိုအောင်မျိုးခန့်က ပြောပါတယ်။
"အောက်ခြေတပ်ရင်းက အထက်ကစွန့်လွှတ်ခိုင်းတဲ့မြေနေရာကို မစွန့်လွှတ်ပဲနဲ့၊ ရွာဧရိယာကို တပ်မြေဆိုပြီး အမှန်တစ်ကယ်စွန့်လွှတ်ရမယ့်မြေနေရာကိုလည်း လူထုလက်ထဲမရောက်ပဲနဲ့ သူတို့အကျိုးစီးပွားတွက် အလွဲသုံးစားလုပ်ဖို့ကြံစည်နေတဲ့အတွက် အများပြည်သူနဲ့တကွ အစိုးရတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့ ပြီးတော့ တပ်မတော်ဌာနအကြီးအကဲအားလုံးသိစေချင်လို့ အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်တယ်"
မူလတောင်သူတွေဆီ ပြန်ပေးရမယ့် မြေနေရာအပြင် စီကား (၂)၊ သစ်ယာကုန်း၊ သာယာကုန်း စတဲ့ ရပ်ကွက်သုံးခုနဲ့ပင်သာရွာတို့က မြေဧက ၂၅ဝ ကျော်ကိုပါ ထည့်သွင်းတိုင်းတာခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အဲ့ဒီထည့်သွင်းတိုင်းတဲ့ ဧက ၂၅ဝ ကျော်မှာ အစိုးရကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ လူနေအိမ် ၁၅ဝ နီးပါး ပါဝင်ပါတယ်။
၁၉၉ဝ ခုနှစ်ဝန်းကျင်က မိုးဗြဲမြို့နယ်ကို အခြေစိုက်လာတဲ့ အမှတ် (၄၂၂) ခြေမြန်တပ်ရင်းက တပ်တည်ဖို့နဲ့ တပ်လုံခြုံရေးအတွက်ဆိုပြီး မြေဧက ၁၃ဝဝ ကျော်ကို သိမ်းယူခဲ့တာပြီး ပိုလျှံမြေတွေထဲက ဧက ၂၄ဝ ကျော် ကို ပြန်လည်ပေးအပ်ဖို့ အရှေ့ပိုင်းတိုင်း စစ်ဌာနာချုုပ်က ပြီးခဲ့တဲ့ မတ်လက ညွှန်ကြားထားတာဖြစ်တယ် လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ အမှတ် ၄၂၂ ခြေမြန်တပ်ရင်း တာဝန်ရှိသူတွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဌာနနဲ့မြေစာရင်းဌာနတို့က စွန့်လွှတ်မြေပြန်ပေးဖို့ မြေနေရာတိုင်းတာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒေသခံ ၂ဝ ကျော်က ပြန်လည်စွန့်လွှတ်ရမယ့် မြေနေရာကိုသာပြန်ပေးဖို့၊ ရပ်ကွက်နဲ့ရွာမြေတိုင်းတာထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့တို့ကို တောင်းဆိုကြပါတယ်။