ဝူဟန်မြို့ရောက် မြန်မာကျောင်းသား ၆၀ ကျော်ကို ပြန်ခေါ်ဖို့စီစဉ်နေ
2020.01.30
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ပညာသင်ကြားဖို့ရောက်ရှိနေတဲ့ မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မြန်မာအစိုးရက တရုတ်နိုင်ငံအစိုးရနဲ့ ချိတ်ဆက်ပြီး အထူးလေယာဉ်နဲ့ ခေါ်ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား တာပါ။
လက်ရှိမြန်မာအစိုးရအနေနဲ့ အထူးလေယာဉ်နဲ့ ခေါ်ဆောင်ဖို့ ပြင်ဆင်နေပြီး တရုတ်အစိုးရဘက်က အကြောင်းပြန် ကြားတာကိုစောင့်နေတယ်လို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး ဒုတိယအတွင်း ဝန်ဦးစိုးပြည့်စုံက RFA ကိုပြောပါတယ်။
“အခြေအနေကတော့ သူတို့ကို အထူးလေယာဉ်နဲ့ခေါ်ယူဖို့ တရုတ်နိုင်ငံဘက်က ခွင့်ပြုချက်ကိုစောင့်နေတာပေါ့၊ လောလောဆယ် အဲအခြေအနေမှာပဲရှိပါသေးတယ်၊ ဒီဘက်မှာဆက်ပြီး တင်ပြထားတယ်ဆိုတော့လေ တရုတ် အစိုးရကခွင့်ပြုဖို့ကို အဓိကစောင့်နေရတာပါ၊ တရုတ်ဘက်မှာလည်း အဲလိုမျိုးတင်ပြပြီး စောင့်ဆိုင်းနေရတဲ့ နိုင်ငံတွေ အများကြီးရှိနေပါတယ်”
ဒီကျောင်းသားတွေကို ဟူနန်ပြည်နယ် ချန်းရှမြို့ကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပိုဆောင်နိုင်ရေးအတွက် မြန်မာသံရုံးအနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာပြည်နယ် နိုင်ငံခြားရေးရုံးတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သက်ဆိုင်ရာဒေသန္တရကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နဲ့ ဆောင်ရွက်မယ်ဆိုရင် တစ်လလောက်ကြာနိုင် တာကြောင့် အထူးလေယာဉ်နဲ့ ခေါ်ယူနိုင်ရေးအတွက် မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့က တရုတ်နိုင်ငံဘက်နဲ့ တောက်လျောက်ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကတော့ သူတို့နိုင်ငံသားတွေကို အထူးလေယာဉ်တွေနဲ့ သူတို့နိုင်ငံတွေကို ပြန်ခေါ်ခဲ့တာမျိုးတွေရှိပါတယ်။
ဝူဟန်မှာရှိတဲ့ မြန်မာကျောင်းသားတွေအနေနဲ့လည်း သူတို့ကိုအဲလိုပြန်ခေါ်ဖို့ သံရုံးဘက်ကို အကူညီတောင်း တဲ့အခါမှာတော့ ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြောပါတယ်။
ဝူဟန်မြို့မှာရှိတဲ့ မြန်မာကျောင်းသားတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်သီရီသန့်ဇင် ကတော့ သူတို့အနေနဲ့ အမြန်ဆုံးပြန်လာချင်နေပြီလို့ပြောပါတယ်။
“အခက်အခဲဖြစ်နေတဲ့အချိန်၊ ပိတ်မိနေတဲ့အချိန် စားနပ်ရိက္ခာကိစ္စတွေအတွက်ကော စိတ်ပိုင်းဆိုင်ရာကိစ္စတွေ အတွက်ကော အခက်အခဲဖြစ်နေတဲ့အချိန်မှာ ညီမအဖြစ်ချင်ဆုံးကတော့ အမြန်ဆုံးပြန်လာချင်ပါတယ်၊ ဖြစ်နိုင် မယ်ဆိုရင် ညီမတို့ကို အမြန်ဆုံးပြန်လာခေါ်ပေးပါ”
လက်ရှိအချိန်မှာ ဝူဟန်မြို့ကိုရောက်ရှိနေတဲ့သူတွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကလည်း တရုတ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြပြီး အားလုံးဟာ တရုတ်ဘက်က အကြောင်းပြန်တာကို စောင့်ဆိုင်းနေရတယ်လို့ ပေကျင်းရှိ မြန်မာသံရုံတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဆီ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ၊ မရှိကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်ထားရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြန်ရောက်လာမယ့် ကျောင်းသားတွေကို ကြိုဆိုလက်ခံနိုင်ဖို့အတွက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာထားရှိဖို့ ပြင်ဆင်ထားတယ်လို့လည်း မနေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာကျင်းပတဲ့ အစည်းအဝေးမှာ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောပါတယ်။
“မြန်မာကျောင်းသားတွေ ပြန်လာနိုင်ဖို့ရှိပါတယ်၊ ခေါ်ခွင့်ပြုထားပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အများစုကနိုင်ငံ့ဝန်ထမ်းတွေဖြစ်ကြပါတယ်၊ ပုဂ္ဂလိကကျောင်းတက်နေတဲ့သူတွေလည်းပါပါတယ်၊ သူတို့ကို ၁၄ ရက်တော့ စောင့်ကြည်တာလုပ်ရပါတယ်၊ စောင့်ကြည်ဖို့လည်းလုပ်ထားပါပြီ”
ဘယ်နေ့မှာ ပြန်ရောက်မလဲဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးသလို အဲဒီမြို့မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတွေကို ခေါ်ယူမယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်ထဲမှာ မတွေ့ရပါဘူး။
တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံထဲ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တို့လည်း ပြန်လည်ဝင်ရောက်လာကြတယ်လို့တော့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ ဝူဟန်မြို့မှာ ကျောင်းသားတွေအပြင် တရားမဝင် အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေလည်းရှိပြီး အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရပါဘူး။
ဒီအထဲက ဝူဟန်မြို့ပြင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအယောက်၂၀ ကတော့ စားသောက်ဖို့အတွက် ရိက္ခာအနည်းငယ်ပဲရှိတော့ပြီး ဈေးတွေပိတ်ထားတဲ့အတွက် ရိက္ခာအခက်အခဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်ကနေ ဇန်နဝါရီ ၂၈ နဲ့ ၂၉ နှစ်ရက်ပေါင်း တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားတစ်ထောင်ကျော်လောက် ပြန်ဝင်ရောက်လာကြပါတယ်။
သူတို့ကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာတွေမှာ ထိရောက်တဲ့စစ်ဆေးတာတွေတော့ လုပ်တာမတွေ့ရဘူးလို့ နယ်စပ်ဂိတ်တာဝန်ကျ ဝန်ထန်းတစ်ဦးက ပြောပါတယ်။
“စစ်ဆေးမှုတွေကတော့ ဒီဘက်မှာ အပူချိန်တိုင်းတဲ့ကိရိယာမျိုးနဲ့ စစ်ဆေးတာမျိုးလောက်ပဲလုပ်တယ်၊ ခေတ်မှီစက်ကိရိယာနဲ့တော့ မဟုတ်ဘူး၊ ဒီဘက်မှာ စိုးရိမ်ရတဲ့အနေအထားတော့မရှိဘူး”
ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်ပြည်မှာ သေဆုံးသူ ၁၇ဝ နဲ့ကမ္ဘာတဝန်းကူးစက်ဖြစ်ပွားသူ ၇၇၁၁ ဦး ရှိသွားပါပြီ။ တခြားနိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ ထိုင်းမှာ ၁၄ ဦး၊ ဟောင်ကောင် ၁ဝ ဦး၊ ဂျပန်မှာ ခုနှစ်ဦး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ထိုင်ဝမ်၊ သြစတြေးလျနဲ့ မကာအိုတွေမှာ ငါးဦးစီ ရှိနေပါတယ်။