မိုးကောင်းမှာ ချောင်းရေကြီးလို့ တစ်မြို့လုံးနီးပါး ရေဝင်နေ

RFA Burmese
2024.07.05
မိုးကောင်းမှာ ချောင်းရေကြီးလို့ တစ်မြို့လုံးနီးပါး ရေဝင်နေ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရေကြီးရေလျှံမှုအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ နန့်ကောင်းချောင်းနဲ့ နန့်ယင်းချောင်းရေ မြင့်တက်မှုကြောင့် တစ်မြို့လုံးနီးပါး ရေဝင်နစ်မြုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဇူလိုင်လ ၅ ရက် ဒီနေ့မှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မိုးကောင်းမြို့က နန့်ယင်းချောင်းရေဟာ စိုးရိမ်ရေမှတ်အထက် လေးပေကျော်နဲ့ နန်ကောင်းချောင်းက စိုးရိမ်ရေမှတ်အထက် သုံးပေကျော်မြင့်တက်နေပြီး နောက်တစ်ရက်မှာ ချောင်းနှစ်ချောင်းလုံး နောက်ထပ် တစ်ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရေဝင်နစ်မြုပ်နေတဲ့ နေအိမ်တွေအတွက် ရေသန့်နဲ့ အစားအသောက်တွေ လိုက်လံဝေငှနေရတယ်လို့ မိုးကောင်းမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

“ရေကတော့ မြို့ပေါ်အားလုံးနီးပါး မြုပ်နေတယ်။ ရေက ဆက်တက်နေတုန်းပဲ။ မြုပ်နေတဲ့ အိမ်တွေကိုတော့ ကျနော်တို့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စားဖို့၊ သောက်ဖို့တွေ၊ ရေသန့်တွေ အစားအစာတွေ ဝေပေးနေတယ်။ အခုက ချက်ဖို့ပြုတ်ဖို့ ခက်ခဲကြတာပေါ့”

မိုးကောင်းမြို့က ရေဘေးကြုံနေရတဲ့ ဒေသခံတစ်ဦးကလည်း ဒီနှစ်ရေဝင်မှုက အရင်နှစ်တွေကထက် ပိုများတယ်လို့ ပြောပါတယ်။

“ဒီနှစ်က ခါတိုင်းနှစ်ထက် ပိုပြီးကြီးတယ်။ ကျွန်တော်တို့ အိမ်က အောက်ထပ်မြုပ်နေပြီ အခုအပေါ်ထပ်မှာ နေနေတယ်။ မီးကလည်း မလာတော့ဘူးဆိုတော့ ထမင်းချက်စားဖို့ ခက်ခဲနေတယ်။ အခုလောလောဆယ်”

ဇွန်လကုန်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မေခ၊ မလိခ၊ ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရေတွေ မြင့်တက်မှုကြောင့် လူပေါင်း သုံးသောင်းထက်မနည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ရေကြီးမှုအတွင်း လူသေဆုံးမှုနဲ့ နေအိမ်တွေ မျောပါပျက်စီးမှုများလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။