MOGE အပါအဝင် စစ်တပ်စီးပွားရေးတွေကို ဒဏ်ခတ်ဖို့ မစ်ချ် မက်ကော်နယ်တိုက်တွန်း

RFA Burmese
2023.02.01
MOGE အပါအဝင် စစ်တပ်စီးပွားရေးတွေကို ဒဏ်ခတ်ဖို့ မစ်ချ် မက်ကော်နယ်တိုက်တွန်း အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)။
AFP

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်ကောင်စီရဲ့ စီးပွားရေးတွေကို ထပ်တိုးအရေးယူဒဏ်ခတ်ဖို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)က ဆော်ဩလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်သွားတာနဲ့ ပတ်သက်လို့ မနေ့က အမေရိကန်လွှတ်တော်တွင်း ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

မကြာသေးခင်က သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA အရ မြန်မာနိုင်ငံက ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်လက်နက်မဟုတ်တဲ့ နည်းပညာအထောက်အပံ့တွေ ကူညီပေးနိုင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ လက်တွဲပြီး မြန်မာ့ဒီမိုကရေစီရေး ဆက်လက်လုပ်ဆောင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ မြန်မာပြည်သူတွေ ဒီမိုကရေစီတိုက်ပွဲဝင်နေတာအတွက် ဂုဏ်ယူကြောင်းလည်း ပြောပါတယ်။

တရားမဝင်ဖွဲ့စည်းထားတဲ့ မြန်မာစစ်ကောင်စီဟာ ရှရုားနိုင်ငံခြားရေးဝန်ကြီးကို ကော်ဇောနီခင်း ကြိုခဲ့တာကိုကြည့်ရင် မသူတော်အချင်းချင်း အသိမှတ်ပြုပေါင်းစည်းနေကြတဲ့သဘောမြင်ရတယ်လို့လည်း မစ်ချ် မက်ကော်နယ်က ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျဉ်းသားတစ်သောင်းခြောက်ထောင်ကျော်ကို ဖမ်းဆီးအကျဉ်းချထားပြီး၊ သူရဲ့မိတ်ဆွေ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာကြောင့် လက်ကျန်ဘဝတစ်လျှောက်လုံး ထောင်ထဲမှာနေသွားရမယ့် အခြေအနေရှိနေတယ်လို့ မစ်ချ် မက်ကော်နယ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။