မိုးညှင်းမှာ မိုင်းပေါက်ကွဲပြီး ဒေသ ခံနှစ်ဦး သေဆုံး
2016.09.17

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေေတောင်ဘက် မြို့ရှောင်လမ်းအနီး တောင်ယာသွားတဲ့လမ်းမှာ ဒီကနေ့ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။
တောင်ယာလုပ်ဖို့သွားတဲ့ ဒေသခံ ၂ ဦး မိုင်းစထိမှန်ပြီး သေဆုံးသွားတာလို့ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေး က ပြောပါတယ်။
"အမျိုးသား ၂ ဦးစလုံးကတော့ မိုင်းစထိမှန်ပြီးသေဆုံးသွားတယ်လို့ သတင်းရရှိတယ်၊ သေဆုံးသွားတဲ့သူတွေကတော့ တောင်ယာကိုသွားကြ တာပေါ့နော်၊ ကျနော်တို့ကတော့ မိုင်းတွေလည်းမထောင်စေချင်ဘူး၊ မြှုပ်ထားတဲ့မိုင်းတွေကိုလည်း ပြန်ဖော်စေချင်တယ်၊ ကျနော်တို့ဖက်မှာက မရှိဆင်းရဲသားတွေဆိုတော့ တောင်ယာလုပ်တာတို့၊ လယ်လုပ်၊ ယာလုပ်တာတွေဆိုတော့ နေ့စဉ်သွားနေရတာလေ၊ ဒီမိုင်းတွေသာရှိတယ်ဆိုရင် ပိုပြီးတော့ ဆင်းရဲဒုက္ခရှိစေတာပေါ့နော်၊ ၂၁ ရာစုပင်လုံညီလာခံအတောအတွင်းမှာတော့ ပေါက်ကွဲတာဟာ ဒါပထမဆုံးအကြိမ်ပါပဲ"
အဲ့ဒီမိုင်းပေါက်ကွဲမှု မှန်ကန်ကြောင်းနဲ့ ဒေသခံ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့တာကို မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးက အတည်ပြုပါတယ်။
အစိုးရတပ်မတော်နဲ့ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် မှာ ဒေသခံတိုင်းရင်းသားတွေဟာ မိုင်းပေါက်ကွဲမှုအပါအဝင် မြို့ရွာတွေအတွင်း လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။