မိုးညှင်းမှာ မိုင်းပေါက်လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

2022.05.17
မိုးညှင်းမှာ မိုင်းပေါက်လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ လွဲမွန်အုပ်စုမှ နန့်မီးလောင်ရွာကို Google Earth မှတွေ့ရစဉ်
Photo: Google Earth

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ လွဲမွန်အုပ်စု နန့်မီးလောင်ရွာမှာ မေလ ၁၆ ရက် မနေ့က မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ နန့်မီးလောင် ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်း ဖားကန့်သွားတဲ့ ကားလမ်းအနီး ရွာရဲ့ နတ်ကြီးစင်ရှေ့မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သားအမိသုံးယောက်လာနေတဲ့အချိန် ဖြစ်သွားတာ။ သမီးဖြစ်သူ ထိသွားတာ။ ဗိုက်မှာလည်းထိတယ်၊ ဗိုက်တော့ ပေါက်မသွားဘူး။ ခြေထောက်မှာတော့ မိုင်းစ အထဲဝင်သွားတယ်။ ကားလာတဲ့အချိန် ကားကိုရှောင်တာတဲ့။ အဲချိန်မှာပဲ ဖုန်း အသံမြည်လာတာနဲ့ မိုင်းပေါက်ကွဲသွားတယ်တဲ့။ တခြားနှစ်ယောက်ကတော့ နည်းနည်းရှေ့မှာ ရောက်နေတော့ မထိဘူး”

ဘယ်သူထောင်ထားတဲ့ မိုင်းလည်းဆိုတာတော့ သေချာမသိရသေးဘဲ ဒဏ်ရာရတဲ့ အသက် ၂၅ နှစ်အရွယ် မငြိမ်းငြိမ်းမြင့်ကိုတော့ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ညောင်ပင်နဲ့ နမ့်တောင်းဆည်ရွာကြား လမ်းမဘေးမှာ ဝါယာကြိုးနဲ့ဆင်ထားပြီး မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးရှိနေပြီး စစ်ကောင်စီတပ်ကို ပြောထားတာ လာမဖြုတ်ပေး သလို KIA ကို ပြောတာလည်း သူတို့ဟာ မဟုတ်ဘူးလို့ ပြောနေတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်နေ့ကလည်း မိုးညှင်းမြို့နယ် ညောင်ကုန်အုပ်စု၊ မြိုင်ရွာက အသက် ၃၄ နှစ်အရွယ် မနှင်းနွယ်ဟာ တောထဲကို ဟင်းရွက်ရှာသွားချိန် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF MYANMAR ရဲ့ အခုနှစ် ဧပြီလ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီနဲ့ မတ်လအတွင်း ကချင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမှုဖြစ်စဉ် ခုနစ်ကြိမ်ဖြစ်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။