ပေါင်မြို့နယ်က လူငယ် ၂ဝ ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းခေါ်
2024.11.23

မွန်ပြည်နယ် ပေါင်မြို့နယ်က လူငယ် အယောက် ၂ဝ ကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပေါင်မြို့နယ် ဇင်ယော်ကျေးရွာက လူငယ် အယောက် ၂ဝ ကို နိုဝင်ဘာ ၁၉ ရက်နေ့ ည ၁ဝ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ အမည်မဖော်လိုသူတစ်ဦးရဲ့ ပြောဆိုချက်အရ ဖမ်းခေါ်ခံရသူတွေဟာ ကျောက်ထုတ်လုပ်ရေး အလုပ်သမားတွေဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းခေါ်ခံရသူတွေကို မုတ္တမနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရက်ပိုင်းအတွင်း စစ်သင်တန်းပို့မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို အစုအပြုံလိုက် ဖမ်းဆီးခံရတဲ့သတင်းကြောင့် လူငယ်အတော်များများ စိုးရိမ်နေကြတယ်လို့ HURFOM က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းဖို့ ကြိုးစားတဲ့ လူငယ်နှစ်ဦးကို မုတ္တမနယ်မြေရဲစခန်းမှာ စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။
ပေါင်မြို့နယ်တွင်းက အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။