ထိုင်းနိုင်ငံ ဆန်ခလဘူရီ မွန်သစ်သား တံတားကြီး ပြန်လည်ဖွင့်လှစ်
2014.10.18
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ် နောင်လုမြို့နယ်ခွဲမှာရှိတဲ့ ၁ မိုင်ဝက်ခန့်ရှည်တဲ့ ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး သစ်သားတံတားကြီးကို မနေ့က မနက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ ထိုင်းမြန်မာနယ်စပ်က မွန်တိုင်းရင်းသားတွေ စုစုပေါင်းလူ ၃ဝဝဝ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆဖန်မွန်လို့ အမည်ရတဲ့ မွန်တံတားဟာ အရှည် ၁ မိုင်ဝက်ကျော်ရှိပြီး ထိုင်းနိုင်ငံမှာ အရှည်ဆုံး သစ်သားတံတားဖြစ်သလို မန္တလေးအမရပူရက ဦးပိန်တံတားပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး သစ်သားတံတားဖြစ်တယ်လို့ ထိုင်းအစိုးရသတင်းဌာနက ရေးသားပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်တဲ့ ဒီတံတားကြီးကို ၁၉၈၆ ခုနှစ်က ဆရာတော်ဦးဥတ္တမက ပြည်တွင်းစစ်အတွင်း မြန်မာနိုင်ငံဖက်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မွန်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဆန်ကလိယမြစ် ခြားထားတဲ့ မူးရွာ နှစ်ရွာကို ဆက်သွယ်ဖောက်လုပ်ခဲ့တာလို့ သိရပါတယ်။
ဥတ္တမနုဆုန်တံတားလို့ တရားဝင်အမည်ပေးထားတဲ့ တံတားကြီးဟာ ၂ဝ၁၃ ဇူလိုင်လက ရေကြီးခဲ့တဲ့အတွက် တံတားကျိုးကျခဲ့ပြီး ထိုင်းအစိုးရက ဘတ်ငွေ ၁၆ သန်းကျော် သုံးစွဲပြီး ပြန်လည်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။