ရာမညအင်အားစု ညီလာခံ ကျင်းပမည်
2017.08.24
ကွဲပြားနေတဲ့ မွန်နိုင်ငံရေးအင်အားစုတွေကို ပေါင်းစည်းနိုင်ဖို့အတွက် လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ညီလာခံ တစ်ခုကျင်းပပြီး မွန်နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခု ဖန်တီးသွားမယ်လို့ ရာမညအင်အားစု က ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
မွန်နိုင်ငံရေးသမားတွေထဲက အစွဲကင်းတဲ့ အင်အားစုတစ်ခုကို အခုနှစ် ဒီဇင်ဘာလအထိစုစည်းပြီး ညီလာခံ ကျင်းပမှာဖြစ်တယ်လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
"အစွဲတရားကင်းတဲ့ အင်အားစုကို ကျနော်တို့ စုစည်းခြင်းဖြစ်တယ်၊ ဒီအင်အားစုစည်းခြင်းဖြင့် တစ်ဘက်က ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့က သူတို့မူလလျာထားတဲ့ ပေါင်းစည်းရေးလမ်းကြောင်းကို ပေါ်လွင်စေချင်တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ဟာ ဒီလိုမျိုးစုစည်းခြင်းအားဖြင့်၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိပေါ့ အဲ့လိုမျိုး စုစည်းပြီးသွားမယ်၊ စုစည်းတဲ့ အဲဒီအင်အားစုတွေရလာပြီ အင်အားတောင့်တင်းခိုင်မာလာပြီဆိုရင် ကျနော်တို့က ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ၂ဝ၁၈ ဇန်နဝါရီလမှာ ညီလာခံကြီး တရပ်ကို စတင်ပြီးတော့ လုပ်ဆောင်သွားမှာပါ၊ အဲ့ဒီညီလာခံကြီးကမှ ထွက်လာတဲ့အဖြေအပေါ်မှာ ဘာဆက်လုပ်သင့်လဲဆိုတဲ့ဟာ ဆက်ပြီးတော့ နိုင်ငံရေးလုပ်ငန်းနဲ့ ဆက်လုပ်သွားရမှာပါ"
မွန်တိုင်းရင်းသားတွေအနေနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ကို တစ်ပါတီ တည်းဖြစ်အောင် ပေါင်းစည်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေကြောင့် အဆင့်မပြေဖြစ် ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါကြောင့် နှစ်ဖက်ပါတီက ပါတီစွဲကင်းတဲ့သူတွေနဲ့ ကွဲပြားနေတဲ့ မွန်နိုင်ငံရေးသမားတွေစုစည်းပြီး မွန်အမျိုးသား အားလုံးကို ကိုယ်စားပြုပါတီတစ်ခု ဖြစ်ထွန်းရေးအတွက် ရာမညအင်အားစုကို ဖွဲ့စည်းထားတာလို့လည်း သိရပါတယ်။
ဒီအင်အားစုဟာ တတိယပါတီတစ်ခု ထူထောင်ရေးအတွက်မဟုတ်ဘဲ အစွဲကင်းတဲ့ မွန်နိုင်ငံရေးသမားတွေ စုစည်းကာ မွန်နိုင်ငံရေး အခင်းအကျင်းအသစ်ပြုလုပ်ဖို့ ဖြစ်တယ်လို့လည်း ဒေါက်တာအောင်နိုင်ဦးက ရှင်းပြပါတယ်။
ဒီရာမညအင်အားစုမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်တွေ၊ မွန်အမျိုးသားပါတီက ပါတီဝင်တွေ အပြင် ပြင်ပမှာရှိနေတဲ့ မွန်နိုင်ငံရေးသမားတွေနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရာမညအင်အားစုဟာ မွန်ပြည်နယ်တွင်းက မွန်သံဃာတော်တွေ၊ မွန်ပြည်သူတွေဆီ ရှင်းလင်း တင်ပြတာတွေ၊ ဆန္ဒသဘောထားကောက်ခံတာ၊ အကြံဉာဏ်ရယူတာတွေကို ၂၀၁၇ ဒီဇင်ဘာလကုန် အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။