ကျပ်သိန်း ၄၅ဝဝ တန် တမံပြိုကျ
2017.06.01

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ကျပ်သိန်း ၄၅ဝဝ တန် ရေငံတားတမံဟာ တည်ဆောက်ပြီးတာ ၁ လကျော်သာရှိသေးပြီး ပြိုကျတဲ့အတွက် ပြန်ဆောက်ဖို့ နဂိုက ဆောက်ခဲ့တဲ့ ဆည်မြောင်းဌာနကသာ အကုန်အကျခံ ပြန်ဆောက်ပေးရမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ မွန်ပြည်နယ် အစိုးရရုံး ဟင်္သာခန်းမမှာကျင်းပတဲ့ မွန်ပြည်နယ်အစိုးရရဲ့ တစ်နှစ်တာဆောင်ရွက်ချက်တွေ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောလိုက်တာဖြစ်ပါတယ်။
ကျပ်သိန်း ၄၅ဝဝ ကျော်ကုန်ကျတဲ့ ဒီရေငံတားတမံကို ဆည်မြောင်းဦးစီးဌာနက တာဝန်ယူဆောက်လုပ်ပြီး တစ်လကျော်အကြာ မေလ၂၇ ရက်နေ့မှာ ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ပင်လယ်ရေတိုက်စားတာကြောင့် နေအိမ်တွေမကြာခဏ ပြိုကျပျက်စီးနေတဲ့ အတွက် ရေငန်တားတမံကို ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအကြာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ပြည်နယ်အစိုးရ တစ်နှစ်ပြည့်မှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း စတဲ့ အစိုးရအဖွဲ့ဝင်တွေက တစ်နှစ်တာ ဆောင်ရွက်ချက်တွေကို တင်ပြခဲ့ပါတယ်။