မွန်နိုင်ငံရေးဆွေးနွေးပွဲမှာ ကဏ္ဍကြီးလေးခုကို ဆွေးနွေးပြီးဖြစ်
2018.05.06

နှစ်ရက်ကြာ ကျင်းပပြီးဖြစ်တဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ မြေယာ သဘာဝသယံဇာတ ဆိုတဲ့ ကဏ္ဍကြီးလေးခုကို ဆွေးနွေးခဲ့တယ်လို့ ညီလာခံကျင်းပရေး ကော်မတီ အတွင်းရေးမှူး က ဒီနေ့ ပြောပါတယ်။
ညီလာခံနဲ့ပတ်သက်ပြီး ဒီနေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညီလာခံကျင်းပရေးကော်မတီ အတွင်းရေးမှူး မင်းအောင်ထူးက အခုလိုပြောပါတယ်။
"ကျနော်တို့အနေနဲ့ကတော့ ကဏ္ဍအလိုက်တစ်ခုချင်းစီမှာ ဆွေးနွေးရမယ့် အကြောင်းအရာကတော့ ဒီနေ့ အားလုံးတော့ အပြီးသတ်တယ်၊ သို့သော်လည်းပဲ ကိုယ်စားလှယ် အရေအတွက်အားလုံး ၅ဝဝ နီးပါရှိတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ ကိုယ်စားပြုမှုနဲ့ သူတို့ရဲ့အမြင်အားလုံး ဒီမှာပါလာနိုင်ဖို့အတွက်က ကဏ္ဍတစ်ခု ချင်းစီမှာ ဆွေးနွေးသွားတဲ့အချက်တွေကို တခြားသော ကဏ္ဍတွေမှာသွားပြီး တင်ပြဖို့လိုတယ်၊ ဒီဆွေးနွေးပွဲ မှာတက်လာတဲ့ လူတွေအားလုံးရဲ့ အမြင်၊ အယူအဆ တူညီမှု၊ မတူညီမှုအားလုံးကို ပါလာတယ်ဆိုတာလည်း ကျနော်တို့ လိုချင်တဲ့အတွက် မနက်ဖြန်မနက်မှာ ကျနော်တို့အားလုံးကိုလှည့်ပြီးတော့မှပဲ ပြန်ပြီးတော့ ချုပ်ရမှာပေါ့၊ တစ်ကဏ္ဍချင်းစီမှာတော့ ဒီနေ့ ဆွေးနွေးတာတော့ပြီးပြီ သို့သော် အားလုံးအတွက်ကျတော့ မနက်ဖြန် တစ်မနက် အချိန်ယူရဦးမှာပါ"
နိုင်ငံရေးကဏ္ဍမှာ အမျိုးသားတန်းတူရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြား အာဏာခွဲဝေခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် စတဲ့ ခေါင်းစဉ် ၁၀ ခု၊ လူမှုရေးကဏ္ဍမှာ ပြန်လည်နေရာချထားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်မှု၊ မူးယစ်ဆေးဝါး၊ စီးပွားရေးဆိုင်ရာကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းစတာတွေ ဆွေးနွေးခဲ့သလို မြေယာနဲ့ ပတ်ဝန်းကျင်မှာ ဖက်ဒရယ်ကို အခြေခံတဲ့မြေယာမူဝါဒ၊ သယံဇာတ စီမံခံခွဲမှုဆိုင်တဲ့အခြေခံမှုတွေ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
"မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ" ကို မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီတွေ ဦးဆောင်ကာ မေလ ၅ ရက်နေ့ မနေ့ကစပြီး လာမယ့် မေလ ၇ ရက်နေ့အထိ ၃ ရက်တိုင် ရေးမြို့မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။
ညီလာခံကနေ ရရှိလာတဲ့ ကဏ္ဍကြီးလေးခုနဲ့ပတ်သက်တဲ့ စာတမ်းတွေကို စုစည်းကာ မနက်ဖြန်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ထံ ပေးအပ်မှာဖြစ်ပြီး လာမယ့် မေလကုန်မှာ ပြုလုပ်မယ့် တတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်းရမှာဖြစ်ပါတယ်။