မွန်အမျိုးသားကျောင်းတွေကို ပြည်နယ်အစိုးရ ကူညီဖို့ အသင့်ရှိ


2017.09.11
dr-ayezan-622.jpg မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်အမျိုးသား ပညာရေးကျောင်းတွေအတွက် အကူအညီတောင်းခံလာရင် ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးဖို့ အသင့်ရှိတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ချောင်းဆုံမြို့နယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တိုင်းရင်းသားစာပေ သင်ကြားတဲ့ကျောင်းတွေကို ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်ရှိ မရှိမေးမြန်းရာမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီကျောင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအဖွဲ့ကို အကူအညီတောင်းလာလို့ရှိရင် ကျနော်တို့အနေနဲ့ စိတ်စေတနာကောင်းစွာနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောပြချင်ပါတယ်"

၂၀၁၄ ခုနှစ်မှာ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေအရ မွန်အမျိုးသားကျောင်းတွေဟာ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတာဖြစ်ပါတယ်။

မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်မှာ မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ကျောင်းပေါင်း ၁၃၀ကျော်ရှိပြီး မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တွေမှာ အများဆုံးရှိပါတယ်။

မွန်အမျိုးသားကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၈ထောင်ကျော်ရှိပြီး အဲဒီကျောင်းတွေ ဟာ နိုင်ငံတကာအကူအညီနဲ့ ရပ်တည်နေရတယ်လို့  သိရပါတယ်။

မွန်အမျိုးသားကျောင်းတွေကို ထောက်ပံကြေးငွေ ကျပ်သိန်း ၈၀၀ ကျော်ပေးဖို့ မွန်ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ မွန်အမျိုးသားပညာရေးကော်မတီ MNEC က ပြီးခဲ့တဲ့ ဇွန်လက တောင်းခံခဲ့ပေမယ့် အခုချိန်ထိ ရရှိခြင်းမရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။