အာဇာနည်ကျောက်တိုင် နေ ရာပြန်ပေးဖို့ မွန်ပြည်နယ် လွှတ်တော် အတည်ပြု
2016.10.06

မွန်ပြည်နယ် သထုံမြို့မှာ အာဇာနည်ကျောက်တိုင် ဆောက်လုပ်ဖို့မြေနေရာ ပြန်ပေးဖို့အဆိုကို ဒီနေ့ပြည်နယ် လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
သထုံမြို့ခံတွေဟာ အာဇာနည်နေ့ အခမ်းအနားတွေကို ဘောလုံးကွင်းမှာ ပြုလုပ်နေရတာကြောင့် မြေနေ ရာပြန်ပေးဖို့ မြို့ခံလူထုကိုယ်စား တောင်းဆိုတာလို့ အဆိုတင်သွင်းခဲ့တဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။
"သိမ်ဆိပ်ကျေးရွာမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ သထုံမြို့ပေါ်ကလူတွေရော နိုင်ငံရေးပါတီကလူတွေက အခမ်းအနားကို သွားလုပ်ရတယ်၊ သထုံမှာ အာဇာနည်ကျောက်တိုင် မရှိတော့တဲ့အတွက် ဒီနှစ်မှာ သထုံ မြို့ ဘောလုံးကွင်းမှာ အာဇာနည်နေ့အခမ်းအနားကို ဗီနိုင်းထုတ်ပြီး ဗီနိုင်းနဲ့ပဲ ကျင်းပလိုက်ရတယ်၊ ဒီအ တွက်ကြောင့် ကျနော်တို့ဟာ ဒီမှာလက်ရှိ မြေနေရာပြန်ပေးဖို့ကို မြို့ခံလူထုကိုယ်စားပေါ့နော်၊ မြို့ခံလူထု ကလည်း တောက်လျှောက်တောင်းဆိုနေတာ ဒီအတွက် အဆိုကို တင်သွင်းတာပါ"
သထုံမြို့က အာဇာနည်ကျောက်တိုင်ကို ပြီးခဲ့တဲ့ နဝတခေတ်မှာ ဖြိုဖျက်ပြီး မြန်မာ့စီးပွားရေးဘဏ် တည်ဆောက် ခဲ့ပေမယ့် ကျောက်တိုင်အတွက် မြေနေရာပြန်မပေးခဲ့ပါဘူး။
ဒါကြောင့် သထုံမြို့မှာ စက်မှုဝန်ကြီးဌာနက စွန့်လွှတ်ထားတဲ့ မြေလွတ်တွေရှိတာကြောင့် အာဇာနည်ကျောက် တိုင် မြေနေရာပေးဖို့အဆိုကို လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဘယ်နေရာပေးမယ်ဆိုတာကို မသိရသေးပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ အစိုးရဌာနဆိုင်ရာတွေ ညှိနှိုင်းပြီး နောက်နှစ်အာဇာနည်နေ့မတိုင်မှီ အပြီးတည်ဆောက်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။