မွန်ပါတီခေါင်းဆောင်တချို့ တာဝန် ကနေရပ်နား၊ တစ်ဦးကို ထုတ်ပယ်


2017.07.19
minsoelin-620.jpg ပါတီကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဒေါက်တာမင်းစိုးလင်းကို ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်အမျိုးသားပါတီက ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း ကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး ပါတီရဲ့ တခြားထိပ် ပိုင်းခေါင်းဆောင် ၅ ဦးကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

ပါတီနဲ့ကင်းကွာတာ ပါတီသစ်ထူထောင်ဖို့ ပြင်နေတာကြောင့် ပါတီစည်းကမ်းနဲ့မညီလို့ ဒေါက်တာမင်းစိုးလင်းကို ဗဟိုအလုပ်မှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်တာလို့ မွန်အမျိုးသားပါတီ ဒုဥက္ကဌ ၂ နိုင်ငွေသိန်းက ပြောပါတယ်။

"ပါတီနဲ့ကင်းကွာနေပြီပေါ့၊ ပါတီနဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီပေါ့၊ ပါတီကိုတိုက်ခိုက်နေပြီပေါ့ ဒီအနေအထားရှိတယ်၊ ပါတီအသစ်ထောင်ဖို့ စဉ်းစားတာပေါ့၊ ကျန်တဲ့ဟာတွေက နားထားတာပေါ့၊ နားထားတယ်ဆိုတာက သူတို့ကိုခေါ် တယ်၊ သူတို့ကမလာတဲ့အခါကျတော့ ပါတီတာဝန်ကို ခဏရပ်ထားတာပေါ့"

မွန်ပါတီတွေ ပေါင်းစည်းရေးလုပ်တာကို မကြိုက်လို့ ထုတ်ပယ်တာဖြစ်နိုင်တယ်လို့ ထုတ်ပယ်ခံရတဲ့ ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။

"ပါတီမှာ နှစ်ပါတီပေါင်းစည်းရေးကို ကျနော်တင်တယ်၊ ပါတီခေါင်းဆောင်တွေက ကျနော့်အမြင်ကို လက်မခံဘူး၊ တစ်နှစ်ခွဲတိတိ သည်းခံပြီး ပါတီမှာ ဆက်လက်တည်ရှိနေခြင်းဖြစ်ပါတယ်"

ထုတ်ပယ်ခံလိုက်ရတဲ့ ဒေါက်တာမင်းစိုးလင်းဟာ ၁၉၈၉ ခုနှစ်မှာ တည်ထောင်တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ် ပါတီနဲ့ ၂၀၁၂ခုနှစ်မှာတည်ထောင်တဲ့ မွန်ဒီမိုကရေစီပါတီတွေမှာ အထွေထွေ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ သူဖြစ်ပါတယ်။

မွန်အမျိုးသားပါတီ စတင်တည်ထောင်ရာမှာလည်း အတွင်းရေးမှူးဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ပါတီညီလာခံမှာ ဗဟိုအလုပ်မှုဆောင်အဖြစ်သာ ပြန်လည်အရွေးခံရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရေးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။

ကျန်တဲ့ ၅ ဦးကတော့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ပါတယ်။ သူတို့ ၅ ဦးကို တာဝန်ကနေ ရပ်စဲလိုက်တဲ့အတွက် ပါတီဝင်အဖြစ် တည်ရှိမှာဖြစ်ပါတယ်။

မွန်အမျိုးသားပါတီ MNP  ကနေ  ဗဟိုအလုပ်အမှုဆောင် နိုင်မွန်ရာဇာ အပါအဝင် ပါတီဝင် နိုင်ဖေသန်းကိုလည်း ပါတီစည်းကမ်းချိုးဖောက်တဲ့အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်က ကျင်းပတဲ့ ပါတီဗဟိုကော်မတီ ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းက ကော့ကရိတ်မြို့နယ် မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် နှစ်ဦး နဲ့  မြို့နယ်ကော်မတီ သုံးဦးတို့ က ပါတီကို ယုံကြည်မှု မရှိတော့တဲ့အတွက် ပါတီကနေ နှုတ်ထွက် ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။