မဲလက်မှတ်ပေါ် ပါတီတံဆိပ် အရောင်လွဲလို့ မွန်အမျိုးသားပါတီ ကန့်ကွက်


2015.11.01
mon-party-logo-620.jpg ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေပြီးဖြစ်တဲ့ မဲလက်မှတ်တွေမှာ မွန်အမျိုးသားပါတီရဲ့တံဆိပ် ကြယ်ဖြူနဲ့ဟင်္သာပုံဟာ အရောင်ကွဲလွဲနေတာကို နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
Photo:Wai Mar Tun/RFA

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေပြီးဖြစ်တဲ့ မဲလက်မှတ်တွေမှာ မွန်အမျိုးသားပါတီရဲ့တံဆိပ် ကြယ်ဖြူနဲ့ဟင်္သာပုံဟာ အရောင်ကွဲလွဲနေတာကြောင့် မွန်အမျိုးသားပါတီက ကန့်ကွက်လိုက်ပါတယ်။

မော်လမြိုင်မြို့က ပါတီရုံးခန်းမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံ ကန့်ကွက်စာတင်သွားမယ်လို့ မွန်အမျိုးသားပါတီ MNP ဗဟိုကော်မတီဝင် နိုင်စံလှိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဟိဏ်းလင်းထက်က ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေတဲ့ မဲလက်မှတ်ဟာ အဝါရောင်ဖြစ်တာကြောင့် ပါတီတံဆိပ်တွေမှာ အဖြူရောင်သုံးထားတဲ့ အမှတ်အသားတွေဟာ မဲလက်မှတ်အောက်ခံဖြစ်တဲ့ အဝါရောင်ဖြစ်နေကြောင်း၊ ပါတီတစ်ခုတည်းရဲ့ အမှတ်တံဆိပ်သာ အရောင်ပြောင်းတာ မဟုတ်ကြောင်း၊ ပါတီတံဆိပ်ပုံစံလည်း ပျက်ယွင်းမသွားကြောင်း ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတချိုု့ကတော့ အခုလို ပါတီတံဆိပ်တွေ အရောင်ပြောင်းသွားရတဲ့ အပေါ် ဝေဖန်နေကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ မွန် အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသမီးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ အစရှိတဲ့ နိုင်ငံရေးပါတီ ၁၈ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁.၅ သန်းရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မွန်ပြည်နယ်အတွက် မဲလက်မှတ် စုစုပေါင်း ၁.၇ သန်းပေးပို့ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။