မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နေရာ ၆၀ နီးပါး ယှဉ်ပြိုင်မည်
2015.07.14
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေက မဲဆန္ဒနယ် ၆၀ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။
"မွန်ပြည်နယ်မှာ ၇ မြို့နယ်ပြိုင်တယ်၊ ကရင်ပြည်နယ်မှာ ၄ မြို့နယ်ပြိုင်တယ်၊ တနင်္သာရီတိုင်းမှာ ၂ မြို့နယ် ပြိုင်တယ်၊ စုစုပေါင်းအားလုံး ၅၉ ယောက်ရှိမယ်၊ အမျိုးသမီးကတော့ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းပါလာမယ်၊ အဲ့မှာလူငယ်လည်း ပါလာတာပေါ့လေ"
မွန်ပြည်နယ်မှာ မော်လမြိုင်၊ ရေး၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံ စတဲ့ မြို့နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ်မှာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးစတဲ့ ၄ မြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ မွန်တွေအများဆုံးရှိတဲ့ ရေဖြူနဲ့ ပုလောမြို့နယ် ၂ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ကမန်အမျိုးသား တိုးတက်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ပျက်စီးသွားတဲ့ရုံးခွဲတွေကို ပြန်လည်မဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် သံတွဲမြို့တစ်ခုထဲမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဌ ဦးလှတိုးက ပြောပါတယ်။
ကမန်အမျိုးသား တိုးတက်ရေးပါတီဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် အနိုင်မရခဲ့ပါဘူး။
ကချင်ပြည်နယ်က ရှမ်းနီ(တိုင်းလိုင်) မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မဲဆန္ဒနယ် ၁၂ ခုမှာ ကိုယ်စားလှယ် ၂၀ လောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင် ဦးစောဝင်းထွန်းက ပြောပါတယ်။
တိုင်းလိုင်ပါတီဟာ စစ်ကိုင်းတိုင်းထဲက ၄ မြို့နယ်၊ ကချင်ပြည်နယ်ထဲက ၈ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။