မွန်မှာ ကျေးရွာမီးလင်းရေး တိုင်ကြားစာအများဆုံး


2017.08.09
daw-tinei-622.jpg မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ်လွှတ်တော်မှာ အများဆုံးရောက်ရှိတဲ့ တိုင်စာတွေကတော့ ကျေးရွာမီးလင်းရေးကော်မတီတွေ ငွေစာရင်း မရှင်းတဲ့ကိစ္စတွေဖြစ်တာကြောင့် ပြည်နယ်အစိုးရက အဲဒီကိစ္စတွေကို စစ်ဆေးဖြေရှင်းပေးဖို့ တိုက်တွန်း သွားမယ်လို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။

ကျေးရွာမီးလင်းရေးကိစ္စတွေမှာ မကြာခဏပြဿနာတက်နေတဲ့အတွက် ပြည်နယ်လွှတ်တော်ဥက္ကဌကို အာအက်ဖ်အေက မေးမြန်းရာမှာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"လွှတ်တော်ရုံးကို လျှပ်စစ်မီးပြဿနာနဲ့ ကျေးရွာတော်တော်များများက တိုင်တယ်၊ တိုင်တာ ဘာတိုင်သလဲ ဆိုတော့ ငွေစာရင်း မရှိလို့၊ သူတို့ငွေကောက်တယ် မီးတပ်ဆင်လိုက်တယ် နောက်သူတို့ မီးလင်းရေးကော် မတီအချင်းချင်း စာရင်းမရှင်းကြဘူး၊ အဲဒါနဲ့လွှတ်တော်ကိုတိုင်တယ်၊ အဲဒါ တစ်နှစ်ကျော်အတွင်း တိုင်စာတော်တော်များတယ်၊ ရှင်းလင်းတာလည်း အဆင်မပြေဘူး"

မွန်ပြည်နယ်က ကျေးရွာတွေမှာ ထရန်စဖော်မာနဲ့ ဓာတ်မီးတိုင်တွေကိုသာ အစိုးရက လုပ်ဆောင်ပေးနိုင်ပြီး မီးကြိုးသွယ်တန်းတာ မီတာဘောက်စ်တွေကို ကျေးရွာမီးလင်းရေးကော်မတီတွေက ဆက်လက်ဆောင်ရွက် ရတာဖြစ်ပါတယ်။

ကျေးရွာမီးလင်းရေးကော်မတီတွေက ကိုယ်ထူကိုယ်ထ မီးလင်းအောင်ပြုလုပ်ဖို့အတွက်  ငွေကြေးကောက်ခံသုံးစွဲ တာတွေရှိပြီး စာရင်းမရှင်းနိုင်တဲ့အတွက် တိုင်ကြားစာတွေ လွှတ်တော်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

စာရင်းစစ်တွေနဲ့စစ်မယ်ဆိုရင် နိုင်ငံတော်အသိအမှတ်ပြုလက်မှတ်ရ စာရင်းစစ်တွေနဲ့ စစ်ဆေးမှာသာ တရားဝင် မှာဖြစ်တာကြောင့် အစိုးရမှာလည်း အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နဲ့ စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ကျေးလက်မီးလင်းရေး ကော်မတီငွေကြေး ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပြည်နယ် စာရင်းစစ်ချုပ်ပါဝင်တဲ့အဖွဲ့ကို ဖွဲ့ထားတယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။