မွန်ပြည်နယ် နိုင်ငံခြားမြှုပ်နှံ မှု ပြုပြင်ဖို့လိုနေ
2016.07.29

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကပြုစုတဲ့ “မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်သည့်အစီရင်ခံစာ” မိတ်ဆက်ပွဲကို မော်လမြိုင်မြို့က ကောင်းမြတ်ဟိုတယ်မှာ မနက်ဖြန် ပြုလုပ် မှာဖြစ်ပါတယ်။
အစီရင်ခံစာထဲမှာ နိုင်ငံနဲ့ဒေသခံပြည်သူတွေ အကျိုးရှိရေးအတွက် လိုအပ်တဲ့ဥပဒေဆိုင်ရာ ပြုပြင်မှုတွေဆောင် ရွက်ဖို့ အစိုးရသစ်ကို တိုက်တွန်းထားတယ်လို့ အဖွဲ့ရဲ့လုပ်ငန်းစဉ် ဒါရိုက်တာ နိုင်အဲမွန်က RFA ကို ပြောပါတယ်။
"ပြည်ထောင်စုအစိုးရမှာလည်းပဲ ချမှတ်ထားတဲ့ဥပဒေတွေကို ပြန်သုံးသပ်ပေးဖို့ ဥပမာဆိုရင်လို့ရှိရင် ၂ဝ၁၂ မြေယာဥပဒေတို့၊ မြေလွတ်မြေရိုင်းပလပ်မြေ စီမံဆောင်ရွက်ဥပဒေတို့ဆိုတာ တဖက်စောင်းနင်း ဥပဒေတွေဖြစ်နေတယ်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေဆိုတာလည်း MIC ကို ပါဝါအများကြီးပေးထားတဲ့ ဥပဒေဖြစ်နေတယ်၊ အဲ့ဒီဥပဒေတွေကိုယ်တိုင်က ခြွင်းချက်တွေရှိမယ်ဆိုလို့ရှိရင် နောင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဆိုလို့ရှိရင်လည်း ပြောစရာတွေ၊ တဖက်စောင်းနင်းမှုတွေ ဖြစ်လာနေဦးမှာပဲ၊ ဒီအချိန်မှာ ကျနော်တို့ ဒါတွေကို အစိုးရသစ်အနေနဲ့ ကြပ်မတ်ပေးနိုင်မယ်၊ ပြင်ဆင်ပြဌာန်းပေးနိုင် မယ်ဆိုလို့ရှိရင် နောင်အနာဂတ် မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ပိုပြီးတော့ တာဝန်သိတဲ့၊ ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့၊ ပိုပြီးတော့ လူထုအတွက်အကျိုးရှိမယ့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ကျနော်တို့ ရရှိမယ်လို့ ယုံကြည်ပါတယ်"
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းဟာ ဒီအစီရင်ခံစာကို ၆ လကြာ လေ့လာဆန်းစစ်ပြီး ပြုစုခဲ့တာဖြစ်ပါတယ်။
မွန်ပြည်နယ် လူ့အခွင့်အရေးဖောင်ဒေးရှင်းကို ၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီတွေရရှိစေဖို့ လှုံ့ဆော်ရေးအဖွဲ့အစည်းအားလုံးကို သတင်းအချက်အလက်နဲ့ အစီရင်ခံစာတွေ ပုံမှန်ပေးပို့နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
မနက်ဖြန်မိတ်ဆက်ပေးမယ့် အစီရင်ခံစာမှာတော့ မွန်ပြည်နယ်အတွင်း လတ်တလောဝင်ရောက်လာတဲ့ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေနဲ့ သဘာဝအရင်းအမြစ်ကိုအခြေတည်တဲ့ ဒေသတွင်းရင်းနှီးမြုတ်နှံမှု စီမံကိန်းတွေ ရဲ့ ဒေသခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေကို လေ့လာဆန်းစစ် တင်ပြထားပါတယ်။
အဲ့ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့လုပ်ငန်းအစီအစဉ် ဒါရိုက်တာ နိုင်အဲမွန်ကို မခက်မာ ဆက်သွယ်မေးမြန်း ထားပါတယ်။