ရေးမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

2022.10.09
ရေးမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ အောက်တိုဘာလ ၉ ရက်နေ့ မနက်မှာ တိုက်ခိုက်ခံရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
Photo-MSRO

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒီနေ့ မနက်ပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) က RFA ကို ပြောပါတယ်။

ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ရေးတံတားကြီးရဲ့ ထားဝယ်မြို့အထွက်ဘက်ခြမ်းက စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ MSROရဲ့ အဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။

"ပစ်ခတ်တဲ့အချိန်မှာ ကင်းဂိတ်ထဲ စစ်ကောင်စီတပ်သား သုံးယောက်ရှိတယ်။ ကင်းဂိတ်ထဲမှာ ပေါက်ကွဲခဲ့ပါတယ်။စစ်ကောင်စီတပ်သားနှစ်ယောက် အရေးပေါ်ကားပေါ် တင်ခဲ့ရပြီး အထိခိုက်များနိုင် သေနိုင်ပါတယ်"

ဒီတံတားရဲ့ တစ်ဖက်တစ်ချက်စီက ဂိတ်တွေမှာ စစ်ကောင်စီတပ်ဟာ ဖြတ်သန်းသွားလာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိတယ်လို့ သူက ပြောပါတယ်။

ကင်းဂိတ်တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီအနီးတစ်ဝိုက်ကို စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းကလည်း ရေး-ထားဝယ်ကားလမ်း၊ အာရှလမ်းမကြီး၊ စစ်ကောင်စီရဲ့အမြောက်တပ်ရင်း အမှတ် (၃၁၆) အရှေ့မှာရှိတဲ့ စစ်ကောင်စီကင်းတဲ့ကို MSRO က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။