ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးဖို့ မုဒုံဒေသခံ ၄၀၀ ကျော် ဆန္ဒပြတောင်းဆို
2015.01.27
လာမယ့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ မွန်ပြည်နယ် မုဒုံမြို့နယ်ဒေသခံ ရွာသား ၄၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဒေသခံပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်လို့ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကမာဝတ်ကျေးရွာသား ကိုထွန်းသောင်းက ပြောပါတယ်။
"ပြည်ထောင်စုနေ့မှာ အားလုံးလက်မှတ်ရေးထိုးပေးဖို့ ပြည်သူလူထုဖက်က ဆန္ဒရှိတဲ့အတိုင်း ဖော်ထုတ်ကြတယ်"
ဆန္ဒပြသူတွေဟာ မွန်တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့ထားတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေက ပြည်ထောင်စုနေ့မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားထားပါတယ်။